တနိုင်းမြို့ တောင်တန်းသာသနာပြုမြို့မကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

တနိုင်း မတ် ၂၀

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို မတ်လ ၂၀ ရက် နံနက် (၁၀) နာရီက တောင်တန်းသာသနာပြု မြို့မကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဝါဦးက လူငယ်လူရွယ်များ ကျောင်းစာများအပြင် ပြင်ပဗဟုသုတများ ရရှိစေရန်၊ နွေရာသီ အခြေခံပညာပန်းချီသင်တန်း (၁) လ၊ အခြေခံအင်္ဂလိပ်စာသင်တန်း၊ ကဗျာ၊ သဒ္ဒါနှင့် စာစီစာကုံးရေးသားနည်း သင်တန်းများအား အခမဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ စာပေများဖတ်ရှု လေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာမည်ဖြစ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက်များတွင် စာကြည့်တိုက်မှ စာအုပ်/စာစောင်များ လာရောက်ငှါးရမ်းဖတ်ရှုကြရန် ပြောကြားခဲ့သည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဟောပြောပွဲတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ပြီး၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြောင်းသိရသည်။

ပန်းအိ (တနိုင်း)