မြောက်ဦး မတ် ၂၀
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား၊ကျောင်းသူများအား နွေရာသီ ကျောင်းပိတ်ရက်ရှည်များတွင် အချိန်ကို အလဟသမကုန်ဆုံးစေဘဲ အကျိုးရှိစွာ အသုံးချတတ်စေရန် ပန်းချီသင်တန်းကို ယနေ့ နေ့လယ် ၁၂နာရီ အချိန်မှစတင်၍ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ရွှေမှ ကျောင်းသား၊ ကျောင်းသူ ၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကို အကျိုး ရှိစွာ အသုံးချတတ်စေရန် ပန်းချီသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါ ပန်းချီသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓါတ်ပုံကျွမ်းကျင်-၂ ဦးခင်မောင်ထွန်းက သင်တန်းနည်းပြဆရာအဖြစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး နွေရာသီ ကျောင်းပိတ်ရက်များတွင် လျှောက်သွားလည်နေမယ့်အစား အလယ်တန်း၊ အထက်တန်းအဆင့် ရှိ သင်တန်းသူ/သားများ အသိပညာ ဗဟုသုတ ရရှိစေရန် ပန်းချီသင်တန်းကို သင်ကြားပို့ချလျက်ရှိ ကြောင်း သိရသည်။
ထိုသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်ရွှေနှင့် ဝန်ထမ်းများက တက်ရောက်လာသော သင်တန်းသား/သူ (၃၀) ဦးတို့ကို စာအုပ်၊ခဲတံများ အခမဲ့ပေးဝေခဲ့ပြီး တစ်ရက်ကို ၂ နာရီ ကြာသင်ကြား၍ သင်တန်းကာလကိုလည်း မတ်လ ၂၀ ရက်နေ့မှ စတင်၍ တစ်လတိတိ အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်စိုး၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)