တပ်ကုန်းမြို့၌ လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးပြိုင်ပွဲများကျင်းပ

တပ်ကုန်း မတ်လ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကလေးငယ်များဖိတ်ခေါ်၍ လူငယ်ဆိုင်ရာစွမ်းရည်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁နာရီက  အဆိုပါဦးစီးဌာနရှိ  ကလေးစာဖတ်ခန်းမတွင် ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က  ကလေးငယ်များအနေဖြင့် ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနီးကျွမ်းဝင်မှုရှိပြီး၊ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ ကြွယ်ဝစေရန်နှင့်ကျန်းမာ​ပျော်ရွှင်၍ ဉာဏ်ရည် ထက်မြက်စေရန် ရည်ရွယ်၍ ယခုလိုပြည်သူ့စာကြည့်တိုက်သို့ ဖိတ်ခေါ်ပြီး  ပြိုင်ပွဲ၊ ပြပွဲ၊ ဟောပြောပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီးနောက် တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်၍ ခွက်မှုတ်ပြိုင်ပွဲ၊ ခုံလုထိုင်ပြိုင်ပွဲ၊ ပူစီပေါင်းညှပ်ပြိုင်ပွဲနှင့်ပိုက်တံဂိမ်ပြိုင်ပွဲများပြုလုပ်ပေးခဲ့ရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက စာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါပြိုင်ပွဲများသို့ တပ်ကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ကလေးငယ်(၃၅)ဦး တက်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်