နောင်တရား အောက်တိုဘာ ၁
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးများ၌ အောက်တိုဘာလ ၁ ရက်နေ့ နံနက် ပိုင်းမှစ၍ ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာသည့် ပထမ ရက်တွင် လာရောက်ကြည့်ရှုသူများ ပြားကြောင်း သိရသည်။
ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ မဲဆန္ဒနယ်အမှတ်(၂)၌ ဝင်ရောက်အရွေးခံမည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် တိုင်းရင်း သား လွှတ်တော် ကိုယ်စားလှယ်လောင်းတို့ကို ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ ဆန္ဒမဲပေးနိုင်ရေးအတွက် နောင်တရား မြို့ပေါ် (၃)ရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူများက မဲစာရင်း မှန်ကန်မှုရှိ မရှိ စစ်ဆေးနိုင်ရန်အတွက် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ မဲစာရင်းများကပ်ထားကြေညာသွားမည်ဖြစ်ပြီး မဲစာရင်းကပ်ထားကြေညာမှု စနစ်တကျ ရှိစေရေး အတွက် နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်း နှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့သည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်ပါဝင်ခြင်းမရှိပါက ပုံစံ(၃) တွင် ဖြည့်သွင်းတောင်းဆိုခြင်းဖြင့် လည်းကောင်း၊ မဲစာရင်း၌ ပါရှိပြီး ပြင်ဆင်လိုသည်များရှိပါက ပုံစံ(၄)သို့မဟုတ် ပုံစံ(၄-ဂ) တွင် ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်းများကိုလည်းကောင်း ဆောင်ရွက် ရမည် ဖြစ်သည်။
နောင်တရားမြို့ အမှတ်(၁)ရပ်ကွက်၌ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ(၂၄၃၈)ဦး ရှိသည့်အတွက် မဲရုံ ၃ ရုံ၊ အမှတ်(၂)ရပ်ကွက်၌ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ (၂၆၆)ဦးရှိသည့်အတွက် မဲရုံ ၁ ရုံ၊ အမှတ်(၃) ရပ်ကွက်၌ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ (၇၅၄)ဦး ရှိသည့်အတွက် မဲရုံတစ်ရုံ စုစုပေါင်းမဲရုံ ၅ ရုံဖွင့်လှစ်သွားမည်ဟု သိရ သည်။
ခွန်အောင်(နောင်တရား)