မချမ်းဘော့၌ အသက်မွေးဝမ်းကြောင်းပညာသင်တန်းဖွင့်လှစ်

မချမ်းဘော့ မတ် ၂၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ဒေသထွက်ကုန်ကြမ်းများအပေါ်အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ရန်နှင့် ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု (One Village One Product) လုပ်ငန်းများ ပေါ်ထွက်လာနိုင်ရန်၊ ကျေးလက်ဒေသရှိ လူငယ်လူရွယ်များအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်ရည်ရွယ်၍ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက နမ်ခမ်ကျေးရွာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုလိုအသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက သင်တန်းဖွင့်လှစ်ပေးခြင်းဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသော ဦးတည်ချက် (၁၂) ရပ်အနက် စီးပွားရေးဦးတည်ချက်တွင်ပါဝင်သော "သွင်းကုန် အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်ရေး၊ ဒေသထွက်ကုန်ကြမ်းများကိုအခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး "ဟူသည့်ဦးတည်ချက်ကို များစွာအထောက်အကူဖြစ်ပါကြောင်း၊ ယခုလိုအသက်မွေးဝမ်းကြောင်း ပညာသင်တန်းတွေ ပို့ချပေးခြင်းဟာ ဒေသထွက်ကုန်ကြမ်းတွေအပေါ်အခြေခံတဲ့ တန်ဖိုမြှင့်ထုတ်ကုန်များထုတ်လုပ်လာနိုင်ပြီး မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းများ၊ အသေးစားလုပ်ငန်းရှင်များ ဖြစ်လာမှာဖြစ်ကြောင်း၊ ကျေးရွာရှိလူငယ်လူရွယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုရရှိလာမှာဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်း ထူထောင်လုပ်ကိုင်နိုင်မည့် သင်တန်းသားများကို လုပ်ငန်းအတွက် မှတ်ပုံတင်လုပ်ငန်းများကိုလည်း စနစ်တကျပြန်လည်ဆောင်ရွက်ပေးမှာဖြစ်လို့ ကြိုးစားသင်ယူကြဖို့လိုကြောင်း" တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဖြိုးက သင်တန်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းပို့ချမည့် နည်းပညာ ဘာသာရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဒေသထွက်အခြေခံသီးနှံများဖြင့် ဂရိတ်ဖရုဖျော်ရည်၊ ဂရိတ်ဖရုယို၊ဂရိတ်ဖရုဝိုင်၊ ဘုရင်သီးဖျော်ရည်၊ ဆန်ဆွမ်သီးဖျော်ရည်၊ နာနတ်သီးဖျော်ရည်၊ နာနတ်သီးယို၊ ကျော်ဖရုံသီးယို၊ သင်္ဘောသီးယို အချို/အစပ်၊ ခရမ်းချဥ်သီးယို၊ ခရမ်းချဥ်သီးဆော့စသည့် ပြုလုပ်သည့်နည်းပညာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကာ သင်တန်းနည်းပြများအဖြစ် ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ခရိုင်ဦးစီးမှုး ဦးဇေယျာဖြိုးနှင့် ဒုတိယဦးစီးမှူးဒေါ်သိမ့်သိမ့်ကျော်တို့က သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကို မတ်လ ၂၀ ရက်နေ့မှ မတ်လ ၂၄ရက်နေ့အထိ စာတွေ့လက်တွေ့စနစ်တကျ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ၎င်းသင်တန်းသို့ ဒေသခံသင်တန်းသား သင်တန်းသူ ၂၂ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)