ဆဒုံး မတ် ၂၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် စာရေးဆရာ ဖေမြင့် ရေးသားသည့် "ခေါင်းဆောင်စိတ်၊ ခေါင်းဆောင် အတွေး" စာအုပ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် စာပေချစ်မြတ်နိုးသူ၊ စာပေ ဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်၊၊
အဆိုပါ စာဖတ်ဝိုင်းတွင် ဆဒုံးမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ခင်မာဝင်းက စာပေဖတ်ရှုလေ့လာ ခြင်းဖြင့် အသိပညာဗဟုသုတ ကြွယ်ဝနိုင်ကြောင်းနှင့် မိမိသိရှိထားသည့် အသိပညာဗဟုသုတများကို မှန်ကန်သော အတွေးအခေါ်များနှင့် ပေါင်းစပ်၍ မိမိတို့၏ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် ပြန်လည်မျှဝေအသုံးပြုခြင်းဖြင့် လူမှု အသိုင်းအဝိုင်းတစ်ခု တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ဘောမ်မျှော်က "အနာဂတ်ကမ္ဘာ၌ ဦးဆောင်ခြင်း" ခေါင်းစဥ်ဖြင့် ဦးဆောင် ဆွေးနွေးခဲ့သည်။
ထို့နောက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်ဆိုင်းနန်က "အလိုအလျောက် ထိုးဖောက်သိမြင်တတ် သောသူ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူ ဒေါ်ရွယ်ဂျီးက "အတွင်းမှ ဦးဆောင်ခြင်း" ခေါင်စဥ်ဖြင့် လည်းကောင်း၊ မခိုင်လွင်လွင်က "ခေါင်းဆောင်တို့ နေထိုင်ပုံ" ခေါင်းစဉ်ဖြင့်လည်းကောင်း အပြန်အလှန်ဆွေးနွေးကြရာ တက်ရောက်လာကြသော စာပေချစ်သူများက မိမိတို့အမြင်၊ အတွေ့အကြုံများနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌက ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ် စာစောင်များကို လှူဒါန်းပေးအပ်ခဲ့သည်။
ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းအပြင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်စာစောင်မျိုးစုံတို့ကို စာပေချစ်မြတ်နိုးသူ၊ စာဖတ်ပရိသတ်များအား အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်၊၊
ခင်မာဝင်း (ဆဒုံး)