ရန်ကုန် မတ် ၂၀
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)မှ သန်လျင်မြို့နယ်၊ နတ်စင်တစ်ရာကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဒေါက်တာဘဒ္ဒန္တပညာတေဇ အရှင်သူမြတ်အား အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ ဆက်ကပ်ပူဇော်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် နန်းဦးဘုရားကြီးတန်ဆောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ကြပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သာယာကုန်းပြဿဒ် ဆရာတော် ဘဒ္ဒန္တပညာဓဇ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို) ဒုတိယဉက္ကဋ္ဌ သဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ ဒေါက်တာအောင်မင်းကျော်သူက နတ်စင်တစ်ရာကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဒေါက်တာဘဒ္ဒန္တပညာတေဇအား အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ ဆက်ကပ်လှူ ဒါန်းခြင်းနှင့်ပတ်သက်၍ သာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြသည်။
ထို့နောက် ဗုဒ္ဓသာဘာကလျာဏယုဝအသင်း(ဗဟို)ဉက္ကဌ ဦးရဲထွန်းက နတ်စင်တစ်ရာကျောင်း တိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာတေဇထံသို့ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အားဆက်ကပ်လှူဒါန်းသည်။
ယင်းနောက်တာဝန်ရှိသူတို့ကလှူဖွယ်သင်္ကန်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)သို့ အဘိဓမ္မာသင်တန်းနှင့် ၃၈ ဖြာမင်္ဂလာသင်တန်း သင်ကြားပို့ချရန် အလှူငွေကျပ် ၁၀ သိန်းအား နတ်စင်တစ်ရာမှပေးအပ်လှူဒါန်းကာ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း မုဒိတာ စကားမြွက်ကြားသည်။
ထို့နောက်ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဉက္ကဋ္ဌ၊ ဒွိပိဋကဓရအဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇအဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘဒ္ဒန္တအဂ္ဂသာမိထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကြကာ စိရံတိဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ ဆက်)