တွံတေးမြို့နယ် တူးချောင်းကြီးကျေးရွာ၌ ငါးမွေးမြူရေးနည်းပညာသင်တန်းဖွင့်လှစ်

တွံတေး        မတ်     ၂၀

ငါးမွေးမြူရေးလုပ်ငန်းရှင်များအား ငါးမွေးမြူရေးလုပ်ကိုင်ရာတွင် အထောက်အကူရရှိပြီး ပိုမို၍ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်လမ်းညွန်ထားရှိမှုနှင့်အညီ တွံတေးမြို့နယ်အတွင်းရှိ တူးချောင်းကြီးကျေးရွာအုပ်စုနှင့် ခတ္ထိယကျေးရွာအုပ်စုတို့မှ ငါးမွေးမြူသူများအား ငါးမွေးမြူရေးနည်းပညာသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီတွင် တူးချောင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ တွံတေးခရိုင်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်မောင်ထွဋ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်းများမှ ဝင်ငွေများပိုမိုရရှိစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ တိုးတက်လာသည့် မွေးမြူရေးဆိုင်ရာနည်းပညာများ သင်ကြားတက်မြောက်ပြီး ငါးမွေးမြူရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ပြီး မိသားစုဘဝပိုမိုတိုးတက်၍ ဝင်ငွေများတိုးပွားစေရေးအတွက် နည်းပညာပေးသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပြီးသင်တန်းမှရရှိလာမည့် နည်းပညာရပ်များဖြင့်  ငါးမွေးမြူရေးလုပ်ငန်းနယ်ပယ်တွင် ကြီးပွားတိုးတက်ပြီးဝင်ငွေတိုးပွားစေရန် ဆောင်ရွက်ကြရန် အလေးထားတိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက်သင်တန်းနည်းပြ တွံတေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးဦးတင်မောင်ထွဋ်နှင့်ဝန်ထမ်းများတွံတေးငါးလုပ်ငန်းတာဝန်ခံဒေါ်မိမိခိုင်မှ ငါးမွေးမြူရေးနည်းပညာသင်တန်းအား သင်ကြားပို့ချရာတွင် ငါးမွေးမြူရေးဆိုင်ရာအခြေခံငါးမွေးမြူရေး၊ ငါးမှုန်ငါးသန်ပြုစုခြင်း ငါးဆေးထိုးသားဖောက်ခြင်း၊ ငါးအသားတိုးမွေးမြူခြင်းတို့အား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ တွံတေးခရိုင်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးဌာနမှူးဦးတင်မောင်ထွဋ်နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်‌ရေးမှူးများနှင့် ရာအိမ်မှူးများ၊ ငါးမွေးမြူရေးလုပ်ငန်းရှင်များ၊ ဝါသနာရှင်သင်တန်းသား၊ သင်တန်းသူ(၃၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို တွံတေးမြို့နယ်အတွင်းရှိ ကျေးရွာ(၄)တွင် မတ်လ ၁၂ ရက်နေ့မှ ၃၁ ရက်နေ့အထိ ငါးမွေးမြူရေးနည်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း တွံတေးခရိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

တွံတေးသား