မိုင်းယုမြို့၌ မိုးမခမျှစ်ခါးများ တစ်စီးလျင်ကျပ် ငါးထောင်ဈေးကောင်းရနေ

မိုင်းယု မတ် ၂၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မိုးမခမျှစ်ခါးများကို ပြည်သူများ ကြိုက်နှစ်သက်သောကြောင့် စားသုံးမှုများပြားနေသည့်အတွက် မိုးမခမျှစ်ခါး ရှာဖွေတူးဖော် ရောင်းချနေသည့် ကျေးလက်တောင်သူများမှာ တစ်စီးလျင်ကျပ် ငါးထောင်ထိရ၍ တူးဖော် ရောင်းချသူတို့အဖို့ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဒေသခံတိုင်းရင်းသားတို့၏ ဒေသအစားအစာများအနက် မိုးမခမျှစ်ခါးသည် တစ်နှစ်မှတစ်ခါ တည်းသာ စားခွင့်ရသော သဘာဝအလျှောက် အလေ့ကျပေါက်ရောက်သည့် အပင်တစ်မျိုး ဖြစ်သည်။ နှောင်းတန်ခူးလတွင် မြေကြီးအတွင်း၌ ကိန်းအောင်းနေကာ မိုးရေ မထိတွေ့ သေးသည့် မျှစ်ခါးကို စတင်တူးယူကြရကြောင်း၊ တပေါင်းလအစမှ ကဆုန်လဆန်းကာလ အကြား သင်္ကြန်မိုးကျပြီးနောက် စတင်ထွက်ရှိလာသည့် မျှစ်အစို့ကို တူးယူစားသုံးကြခြင်း ဖြစ်ပြီး ယင်းကဲ့သို့ မျှစ်အစို့ စတင်ထွက် ပေါ်လာချိန်၌ တူးယူခြင်းသည် အခါး ဓာတ်အရာသာ ကင်းမဲ့နေပြီး ချိုမြိန်သော မိုးမခမျှစ်ခါး အရသာကိုရရှိစေကာ မိုးရေထိတွေ့သွားပါက အချိုအရသာမှ အခါးအရသာသို့ သဘာဝအလျောက် ပြောင်းလဲသွားသောကြောင့် ''မျှစ်ခါး'' ဟု ခေါ်ဝေါ်ရခြင်းဖြစ်ကြောင်း သိရသည်။

သင်္ကြန်မိုးကျပြီးနောက် မြေပေါ်သို့ အစို့စတင်ထွက်ပေါ်လာချိန်၌ပင် ဒေသခံတိုင်းရင်းသားများက အုပ်စုလိုက်သော်လည်းကောင်း၊ တစ်ဦးတစ်ယောက်တည်း သော်လည်းကောင်း၊ မျှစ်ခါးပင်ရှိရာ ဝေးလံသည့် တောတောင်လျှိုမြောင်များသို့ သွားရောက်၍ တူးဖော်လေ့ရှိကြ ကြောင်း၊ ယင်းမျှစ်ခါးပင်ကို မြေအနက်တစ်ပေနီးပါးအထိ တူးယူမှသာလျှင် ချိုမြိန်သော မိုးမခမျှစ်ခါးအားရရှိပြီး အဆိုပါမျှစ်ခါးများကို တစ်နေ့တာ တူးယူလျှင် ဆာလာအိတ်ဖြစ် ပြုလုပ်ထားသည့် ဘေးလွယ်အိတ်တစ်လုံးခန့်တူးဖော်ရရှိပါကြောင်း မျှစ်ခါးရှာဖွေ တူးဖော် ရောင်းချသူများထံမှ သိရသည်။

ထိုသို့ တူးဖော်ရရှိလာသော မိုးမခမျှစ်ခါးအား မီးဖုတ်၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ၊ တို့စရာ ဟင်းလျာအဖြစ်လည်းကောင်း၊ ကြော်ချက်၍ လည်းကောင်း အမျိုးမျိုးချက်ပြုတ်ကာ ဒေသရှား ပါးဟင်းလျှာတစ်ခွက်အဖြစ် မြိန်ယှက်စွာ စားသုံးခြင်းဖြစ်၍ စျေးကွက်အတွင်း ရောင်းချရာတွင် မိုးမခမျှစ်ခါး အကြီးအသေးပေါ် မူတည်၍ သုံးချောင်းမှ ငါးချောင်းပါဝင်ပြီး ရှားပါးချိန်တွင် တစ်စီးလျှင် ဒေသပေါက်ဈေး ကျပ် ငါးထောင်ထိရကာ လှိုင်လှိုင်ပေါ်ချိန်တွင် ကျပ် နှစ်ထောင်အထိ စျေးရရှိကြောင်းနှင့် အဆိုပါမျှစ်ခါးကို တောင်ပေါ်ဒေသ တိုင်းရင်းသားများသာ အများ ဆုံးတူးယူကြကာ ရရှိလာသည့်မျှစ်ခါးများကို အများပြည်သူ သွားလာကြသည့် ကားလမ်းမဘေးတွင် ခင်းကျင်းရောင်းချလျက်ရှိကြကြောင်း  သိရသည်။

ကိုကိုနိုင်