ဟိုပုံး မတ် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျေးလက်နေ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေး လုပ်ငန်းများ အဆင်ပြေပြီး အသေးစားကိုယ်ပိုင် စက်ချုပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ စက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက အဖွင့်အမှာစကားပြောကြားရာတွင် အခြေခံစက်ချုပ်သင်တန်းသို့ တက်ရောက်သင်ယူကြသော သင်တန်းသူများအနေဖြင့် သင်တန်းတွင် သင်ကြား ပေးသော အတတ်ပညာများကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာပြီးလက်တွေ့နယ်ပယ်၌ အကျိုးရှိရှိ အသုံးချနိုင်ရန် ကြိုးစားသင်ယူကြစေလိုကြောင်း ရှင်းလင်း ပြောကြားပြီးနောက် သင်တန်း နည်ပြဆရာမ ဒေါ်ဇင်မေဝင်းအောင်က သင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘာသာရပ်များ၊ သင်တန်းတက်ရောက် ရာတွင် လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသူ(၂၅)ဦး တက်ရောက်ကြပြီး သင်တန်းတွင် စက်ချုပ်နည်းအမျိုးမျိုးကို သင်တန်းနည်းပြ ဆရာမများက စာတွေ့၊ လက်တွေ့ဖြင့် မတ်လ(၂၀)ရက်နေ့မှ ဧပြီလ(၁၂)ရက်နေ့အထိ အခမဲ့သင် ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)