အမရပူရမြို့နယ် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ (၁) ရက်မှ စတင်၍ အောက်တိုဘာလ (၁၄) ရက်နေ့အထိ ကြေညာ

မန္တလေး၊ အောက်တိုဘာ ၁

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှ အသက် (၁၈) နှစ်ပြည့်ပြီးနှင့်အထက် မဲဆန္ဒရှင်များစာရင်းကို အောက်တိုဘာလ(၁)ရက်မှ အောက်တိုဘာလ(၁၄)ရက်နေ့ထိ ဒုတိယအကြိမ် နောက်ဆုံး (နောက်ဆုံး) အဖြစ် အမရပူရမြို့နယ် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် စတင်ကြေညာလျက် ရှိပါသည်။

သက်ဆိုင်ရာက အချိန်ကာလ/နေရာဒေသအလိုက် ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြား ချက်များနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် လာရောက်ကြည့်ရှုရန် အခက်အခဲရှိသည့် မဲဆန္ဒရှင်များအနေဖြင့် Web Application ဖြစ်သော findyourpollingstation.uec.gov.mm တွင် မဲစာရင်းကို ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်ပါသည်။ Mobile Application ဖြစ်သည့် findyourpollingstation.apk ကို Google Play Store တွင် Download ရယူပြီး မိမိ၏အမည် မဲစာရင်းတွင် ပါ/မပါ စစ်ဆေး နိုင်သည်။ မိမိ၏အမည် မဲစာရင်းတွင် မပါဝင်ပါက  ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းမှ အချက် အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို သတ်မှတ်ရက် (၁၄)ရက်အတွင်း ဆောင်ရွက်ရန် ဖြစ်ပါသည်။

လိုအပ်သောပုံစံများကို ရပ်ကွက်/ကျေးရွာအုပ်စု အဖွဲ့ခွဲရုံးများတွင်  အခမဲ့(အခမဲ့) ရယူနိုင်ပါသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းလာရောက်/ဝင်ရောက်ကြည့်ရှု့ချိန်တွင် မိမိနှင့် မိသားစုတို့၏ မဲစာရင်းအမှတ်စဉ်ကို မှတ်သားထားခြင်းဖြင့် မဲရုံတွင် မဲစာရင်းထုတ်ယူရာ၌ မိမိအမည်ကို အလွယ် တကူ ရှာဖွေနိုင်ပါသောကြောင့် မိမိ၏ မဲစာရင်းနံပါတ်များကို မှတ်သားထားခြင်းဖြင့် ကူညီဆောင်ရွက်နိုင်ပါရန် ရွေးကောက်ပွဲကော်မရှင်မှ မေတ္တာရပ်ခံထားကြောင်း သိရသည်။

ပြည့်ဖြိုးဝေ(အမရ)