ဝိုင်းမော်မြို့နယ်၌ “လပြည့်ဝန်း” လူမှုကူညီရေးအသင်းရုံး၏ “ဧရာဝတီ” ခန်းမဆောင်ဖွင့်ပွဲ ကျင်းပ

ဝိုင်းမော် မတ် ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် “လပြည့်ဝန်း” လူမှုကူညီရေးအသင်း၏ ဆောက်လုပ်ပြီးစီးသွားသည့်“ဧရာဝတီ” ခန်းမဆောင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ ခါ့ကွမ်ကျေးရွာရှိ အသင်းရုံးရှေ့တွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးထင်လင်းဦးနှင့် ဦးကြည်ထွန်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သိန်းမြို့၊ အသင်းဥက္ကဋ္ဌ ဦးစန်းနိုင်တို့က မင်္ဂလာအချိန်တွင် အသင်းရုံးဝင်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦး၊ အဖွဲ့ဝင် ဦးကြည်ထွန်း၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသိန်းမြို့တို့မှ ဝိုင်းမော်မြို့နယ်အတွင်း လူမှုကူညီရေးအသင်းအဖွဲ့ (၁၈) ဖွဲ့ရှိသည့်အနက် “လပြည့်ဝန်း” လူမှုကူညီရေးအသင်းသည် အင်အားတောင့်တင့်ပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေများ၊ နာမှုလုပ်ငန်းများ ပေါ်ပေါက်ချိန်များ၊ လူမှုပရဟိတလုပ်ငန်းများ ဆောင်ရွက်ချိန်တို့တွင် စိတ်အားထက်သန်စွာ ဆောင်ရွက်ခဲ့သည့် အသင်းတစ်သင်းဖြစ်ပါကြောင်း၊ ယခုအခါ အသင်းရုံးအား တည်ဆောက်နိုင်သည်အထိ ဆောင်ရွက်နိုင်ခဲ့သည်ကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း အသီးသီးပြောကြားခဲ့သည်။

ဆက်လက်၍ “လပြည့်ဝန်း” လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစန်းနိုင်မှ အသင်းဖွဲ့စည်းနိုင်မှုမှ ယနေ့အထိ အသင်းဝင်အင်အားနှင့် ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပြီး တာဝန်ရှိသူများနှင့် အသင်းရုံးခန်းမဆောင်ဖြစ်မြောက်ရေး အဖက်ဖက်မှ ဝိုင်းဝန်းလှူဒါန်းကြသူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကာ “လပြည့်ဝန်း” လူမှုကူညီရေး အသင်းမှ အသင်းသား/သူများက အသင်းဥက္ကဋ္ဌ ဦးစန်းနိုင်အား ငွေကျပ် (၁၆) သိန်း တန်ဖိုးရှိ ကျောက်စီပန်းချီကားအား ဂုဏ်ပြုပေးအပ်ခဲ့ရာ အသင်းဥက္ကဋ္ဌမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး အခမ်းအနားကိုရုတ်သိမ်းလိုက်ကာ အဆိုပါ “လပြည့်ဝန်း” လူမှုကူညီရေးအသင်း ရုံး၏ တည်ဆောက်ပြီးစီးသွားသည့် “ဧရာဝတီ” ခန်းမဆောင်မှာ အများပြည်သူ စုပေါင်းလှူဒါန်း ငွေကျပ်သိန်း (၁၃၀၀) ကျော် အကုန်အကျခံ၍ အလျား (၇၀)ပေ၊ အနံ(၃၀)ရှိ အာစီအမျိုးအစား တစ်ထပ်ခန်းမဆောင်ဖြစ်ကြောင်း သိရသည်။

ဖြူစင်