မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးအတွက် မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံ

မိုင်းယောင်း မတ် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က မိုင်းယုမြို့အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် မြို့အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက ဒေသဆိုင်ရာ အချက်အလက်များနှင့် အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာများ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် မြို့မိ၊ မြို့ဖများက ဒေသဆိုင်ရာ လိုအပ်ချက်များ တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူးဇော်မင်းဆွေနှင့် အဖွဲ့ဝင်-၂ ဦးစိုင်းဘွန်းစီတို့က မိုင်းယုမြို့အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း