ချင်းရွှေဟော် အောက်တိုဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ချင်းရွှေဟော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကြိုတင် ကာကွယ်နိုင်ရန် အတွက် ယနေ့နံနက်(၁၀)နာရီအချိန်က အများပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိလိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်၍ အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လှည့်လည်အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင် အများပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကာကွယ်ရေ:အတွက် ထုတ်ပြန်ထားသော ညွှန်ကြား ချက်များကို တိတိ ကျကျလိုက်နာ ဆောင်ရွက်ကြရန်၊ လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှိသော သူများမှ (၇၀)ရာခိုင်နှုန်း ခန့်သည် ရောဂါလက္ခဏာ တစ်စုံတစ်ရာ မပြသဘဲ သာမန်အတိုင်း နေကောင်း ကျန်းမာစွာ ရှိနေသဖြင့် အမြင်အားဖြင့်မည်သူ့ထံတွင် ရောဂါပိုးရှိသည်ကို မသိနိုင်ပါ။ ရောဂါ ကူးစက် မှုများပြားခဲ့သော တိုင်းဒေသကြီး/ပြည်နယ်များမှ ပြန်လည်ရောက် ရှိနေသူများသည် ရောဂါပိုးကူးစက်ခံနေရပြီး ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြဘဲ ပိုးသယ်ဆောင်လာသူဖြစ်နိုင်ပါသဖြင့် နီးစပ်ရာကျန်းမာရေးဌာန၊ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ မဖြစ်မနေ သတင်းပေးပို့ပါရန်၊ သတင်းပေးပို့ရာတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှိ/မရှိ အခမဲ့ ဓါတ်ခွဲစစ်ဆေးပေးပါမည် ၊ အကယ်၍ သတင်းပေးပို့ခြင်းနှင့် ဓါတ်ခွဲစစ်ဆေးခြင်းမရှိပါက ပြန်လာသူများမှ တစ်ဆင့် အတူနေ မိသားစုဝင်များမိတ်ဆွေများနှင့် လုပ်ငန်းခွင်လုပ်ဖော်ကိုင်ဖက်များထံ ဆက်လက်ကူးစက်ကာ ရောဂါဖြစ်ပွားစေနိုင်ပါသည်၊ သတင်းပေးပို့ခြင်းနှင့် ဓါတ်ခွဲစစ်ဆေးခြင်း မရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉပဒေအရ အရေ:ယူခြင်းခံရမည်နှင့် ယခုအချိန်တွင် ပြည်သူတစ်ဉီးချင်းစီတိုင်းသည် အပြင်သို့ ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask) မဖြစ်မနေ တပ်ဆင်၍ သွားရောက်ကြပါရန် စသည့်အချက်များကို ချင်းရွှေဟော် မြို့အတွင်းရှိ အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည်ပြီး အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
၎င်းအပြင် ချင်းရွှေဟော်မြို့ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ ရုံးရှေ့ မြို့လယ်လမ်းဆုံတွင် အများပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး ဆိုင်ရာ ညွှန်ကြားချက်များအား တိတိကျကျလိုက်နာဆောင်ရွက်ကြရန်နှင့် နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင် ကြရန်တို့ကိုလည်း အသံချဲ့စက်ဖြင့် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် အသိပေးနှိုးဆော် ကြေညာပေးလျက်ရှိပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)