တံတားဦး မတ် ၁၉
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက အမှာစကားပြောကြားပြီး၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးမိုးသန်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း ပြောကြားရာတွင် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို ဆောင်ရွက်ရန်နှင့် ကလေးသူငယ်အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျန်းမာရေး၊ အာဟာရပြည့်ဝရေး၊ ပညာသင်ယူမှု အခွင့်အလမ်း ရရှိရေးအပါအဝင် လိုအပ်သော အစီအမံများ ချမှတ်ဆောင်ရွက်ရေး၊ ကလေးသူငယ်များကို လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ရက်စက်ယုတ်မာခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းခံရသော ကလေးသူငယ်များအား နိုင်ငံတော်၊ စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးသူငယ်မှုခင်းကို သီးခြားစစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သော ကလေးသူငယ်၏ အကျင့်စာရိတ္တ ပြုင်ပြင်ရေးကို ဦးတည်ဆောင်ရွက်ရေးတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူများက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများကို မရှင်းလင်းသည့် အကြောင်းအရာများကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ အသီးသီးပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ရဲတင့်( ပြန်/ဆက်)