နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆွမ်းဆန်တော် အိတ် (၁၀၀) လှူဒါန်း

နောင်ချို မတ် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ရဟန်း၊ ရှင်သာမဏေ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ဆွမ်းဆန်တော်အိတ် (၁၀၀) ဝယ်ယူရန် အလှူရှင်များမှ အလှူငွေကျပ် ငါးဆယ့်နှစ်သိန်းကို ယနေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းရာတွင် မန္တလေးမြို့ နှစ်ဖက်သော မိဘများကို အမှူးထား၍ အလှူရှင် ကိုအောင်စိုးမိုး+မစံသက်သက်ဝေ မိသားစုတို့က သဖန်းကိုင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ရဟန်း၊ ရှင်သာမဏေ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ (၂၉၀) အတွက် ဆွမ်းဆန်တော်များ ဝယ်ယူရန် အလှူငွေကျပ် ၅၂ သိန်းကို ဆက်ကပ်လှူဒါန်းခဲ့ရာ သဖန်းကိုင်းဆရာတော်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့​​ကြောင်း သိရသည်။

သဖန်းကိုင်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ရဟန်း၊ ရှင်သာမဏေ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၉၀)ကျော်ရှိပြီး အဆိုပါကျောင်းသား၊ ကျောင်းသူများ၏ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စများကို ဆရာတော်မှ အနီးကပ်ကြီးကြပ် စောင့်ရှောက်ပေးလျက်ရှိသည့်အပြင် အခမဲ့ ကွန်ပျူတာသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းနှင့် အာယုဒါန(အခမဲ့) ဆေးခန်းကိုလည်း ဖွင့်လှစ်ထားရှိကာ လူမျိုးဘာသာမရွေး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)