ကျိုက်မရော မတ် ၁၉
မွန်ပြည်နယ်၊ ကျိုက်မရောမြို့ ပိန်းန ကုန်းကျေးရွာ၊ ထားဝယ်ကျောင်း ဆရာတော် ဘဒ္ဒန္တဝါယမ၏ဆုံးမသြဝါဒကို ခံယူ၍ ရွှေဥသြကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍီတအား ရည်စူး ဦးထိပ်ထားလျက် ဘုရားဒါယကာမကြီး ဒေါ်အုံးသင် မိသားစု၊ တပည့်ဒါယကာ၊ ဒါယကာမများနှင့် (၇)ရက် သားသမီးအလှူရှင်များစုပေါင်း၍ “ပညာမဏ္ဍိုင် လောကချမ်းသာ စေတီတော်မြတ် ကြီးအား ရွှေထီးတော်တင်လှူပွဲမင်္ဂလာကို ယနေ့မွန်ပြည်နယ်နေ့နံနက် ၉ နာရီအချိန်က စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရွှေထီးတော်မတင်လှုမီ ကြွရောက်လာသော ဆရာတော်သံဃာတော်များနှင့် ပိန်းနဲကုန်းကျောင်း ဆရာတော်ဘဒ္ဒန္တဝါယမထံမှ ပရိတ်တရားတော်များနှင့် ငါးပါးသီလကို ခံယူဆောက်တည်ကြပြီး မင်္ဂလာအချိန် ကျရောက်ချိန်၌ ပညာမဏ္ဍိုင်(ရွှေတိဂုံပုံတူ) စေတီတော်မြတ်ကြီးပေါ်သို့ ပန်းရထားဖြင့် ရွှေထီးတော်နှင့်ဌာပနာ ပစ္စည်းစိန်၊ ရွှေရတနာ မျိုးစုံတို့ကို စေတနာရှင် အလှူ့ဒါယကာများက စုပေါင်း၍ မင်္ဂလာ ပန်းရထားဖြင့် ဆွဲကာစေတီတော်မြတ်ကြီးအပေါ်သို့ ဆက်ကပ်တင်လှူပူဇော်ခဲ့ကြသည်။
ထို့နောက် ပိဋကတ်တိုက်၊နှင့် ဆရာတော်ပုံတူ ရေစက်ချမင်္ဂလာ၊ အသံမစဲမဟာပဌာန်း အောင်ပွဲ တို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပြီးလှူဒါန်းမှု အစုစု တို့အတွက် ရေစက်ချတရား တော်များ နာယူခဲ့ကြကာ သာဓုသုံးကြိမ်ခေါ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ရွှေထီးတော်တင် မင်္ဂလာအပြီးတွင် ကြွရောက်လာကြသော ပရိတ်သတ်များနှင့် ဒေသခံပြည်သူများအား စတုဒီတာ မုန့်မျိုးစုံနှင့်မွန်ရိုးရာ မုန့်ဟင်းခါးများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)