ဒဂုံတောင် မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community centre)၌ ကျောင်းသား/ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပန်းချီရေးဆွဲနည်းအတတ်ပညာများကို အခြေခံမှစပြီး သိရှိကာ စနစ်တကျရေးဆွဲတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၀၉:၀၀)အချိန်က အခြေခံပန်းချီ ရေးဆွဲနည်း (အခမဲ့)သင်တန်းကို စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ရှေးဦးစွာဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာနေမွန်ကသင်ကြားပြသမည့် အခြေခံပန်းချီသင်ရိုးများအား ရှင်းလင်းပြောကြားပေးသည်။
ထို့နောက်သင်တန်းဆရာ ကျောက်ဆူးက ပန်းချီနှင့်ပတ်သက်သော အခြေခံရေးဆွဲနည်းများအား စာတွေ့၊ လက်တွေ့သင်ကြားပေးပြီး ဆရာကြယ်ကြယ်နှင့် ဆရာနေမွန်တို့မှ သင်တန်းသား သင်တန်းသူများအား အနီးကပ်ကြီးကြပ်လိုက်လံပြသပေးကြသည်။
အဆိုပါသင်တန်းဖွင့်ပွဲကို Book club အဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာအသင်းမှ တာဝန်ရှိသူများ တက်ရောက်အားပေးကြပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူ( ၄၀)ဦး တက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းကာလမှာ မတ်လ(၁၉)ရက်နေ့မှ မတ်လ(၂၅)ရက်နေ့အထိ (၇)ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူလေးများအား ပန်းချီရေးဆွဲရန် သင်ထောက်ကူပစ္စည်းများနှင့် မုန့်များပေးဝေခဲ့ကာ ကျောင်းသား/ ကျောင်းသူ လေးများမှလည်း စိတ်ပါဝင်စားစွာ သင်ယူလျက်ရှိကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)