ညောင်ဦးမြို့နယ်ထွက် ဆွန်တာနီပဲများ တစ်တင်း ၅၅၀၀၀ ကျပ် ရောင်းချရခြင်းကြောင့် စိုက်ပျိုးတောင်သူများ အဆင်ပြေ

ညောင်ဦး မတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားသည့် ဆွန်တာနီပဲများ အောင်မြင်ဖြစ်ထွန်း၍ ပဲများရိတ်သိမ်းဆွတ်ခူးချိန် ယခင်နှစ်ကထက် ဆွန်တာနီပဲဈေးပိုရခြင်းကြောင့် စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေကျချိန် ‌ဆောင်းသီးနှံစိုက်ပျိုးထားသည့် ဆွန်တာနီပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးများရင့်မှည့် ရိတ်သိမ်းရောင်းချချိန်  ဆွန်တာနီပဲတစ်တင်း ၅၅၀၀၀ ကျပ် ရောင်းချရခြင်းများကြောင့် ဆောင်းသီးနှံစိုက်ပျိုးသည့် ကျွန်းစိုက်တောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ဗုဒ္ဓကုန်းကျေးရွာ ဆွန်တာနီ ပဲစိုက်ပျိုးတောင်သူ ဦးနိုင်မြင့်က ပြောကြား၍ သိရသည်။ ဆောင်းသီးနှံများ ရိတ်သိမ်းချိန်၊ ခူးဆွတ်ချိန် ဒေသခံ နေ့စားလုပ်သား၊ အလုပ်သမားများလည်း မိသားစုများ နေ့စဉ်ဝင်ငွေရရှိနေကြပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ညောင်ဦးမြို့နယ် ဒေသခံတောင်သူများသည် ဧရာဝတီမြစ်ရေကျချိန်တွင် ကျွန်းမြေများပေါ် စိုက်ပျိုးကြခြင်းကြောင့် အပင်များမြေဆီ ကျွေးရမှုသက်သာပြီး အပင်များသန်မာကြီးထွားကာ ပဲထွက်နှုန်းများလည်း အထူးကောင်းမွန်ကြောင်း၊ ကျွန်မြေစိုက်ပျိုးတောင်သူများ ပဲအမျိုးမျိုး စိုက်ပျိုးကြပြီး စိုက်ပျိုးကြသည့် ပဲတိုင်း ဈေးနှုန်းကောင်းရရှိကြကြောင်းလည်း သိရသည်။ ညောင်ဦးမြို့နယ် ကျွန်းပေါ်မြေစိုက် ပျိုးကြသည့် ဆွန်တာနီပဲသီးသန့်စိုက်ပျိုးသည့် တောင်သူများ အထွက်နှုန်းကောင်းမွန်ပြီး ဈေးနှုန်းများလည်း တစ်တင်း ၅၅၀၀၀ ကျပ်ရရှိခြင်းကြောင့် တွက်ခြေကိုက်နေကြကြောင်း တွန်တာနီပဲတစ်တင်း ၁၉ ပိသာ အချိန်ရှိကာ ထွက်ရှိလာသည့် ဆွန်တာနီပဲများအား ပခုက္ကူပဲပွဲရုံများသို့ သွားရောက်ရောင်းချကြကြောင်း သိရသည်။  

ဒီပါလင်း