တာမွေမြို့နယ်တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

တာမွေ မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်သာသနာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ညနေပိုင်းအချိန်က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ မြို့ဦးစာသင်တိုက်၌ နိုင်ငံတော်မှချီးမြှင့်သော ၂၀၂၃-ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရဆရာတော်(၂)ပါးအား ထပ်ဆင့်ဂုဏ်ပြု ပူဇော်ခြင်းနှင့် ၂၀၂၂-ခုနှစ် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူခဲ့ကြသည့် မြို့နယ်အတွင်းရှိ စာအောင်သံဃာတော်များအား စာအောင်လက်မှတ်များ ဆက်ကပ်ခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်

ရှေးဦးစွာတက်ရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့က နမောတဿသုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ပင့်သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူစောင့်တည်ခဲ့ကြသည်။ ဆက်လက်၍ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် မြို့နယ်သာသနာရေးဦးစီးမှူး ဦးသန်းဖေတို့က ၂၀၂၃-ခုနှစ် တွင် နိုင်ငံတော်မှ ချီးမြှင့်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဖြစ်သည့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တော် ရရှိသည့် ဆရာတော်ကြီးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ခဲ့ကြသည်။ ထို့နောက်  တာမွေမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ၂၀၂၃ ခုနှစ်တွင် နိုင်ငံတော်မှ ချီးမြှင့်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဖြစ်သည့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တော်ရရှိသည့် ဆရာတော်ကြီးအား ထပ်ဆင့်ဂုဏ်ပြု ပူဇော်ခဲ့ကြပြီး တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဥပါသကာအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က ၂၀၂၂-ခုနှစ် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား စာအောင်လက်မှတ်များနှင့် အလှူငွေများအသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များအား တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဥပါသကာအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ် အပေါင်းတို့က လှူဖွယ်ဝတ္ထုပစ္စည်းအစုစုနှင့်ဝတ္ထုငွေများ ထပ်မံဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

အခမ်းအနားသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ဥပါသကာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အဆိုပါ စူဠဘွဲ့နှင်းသဘင်အခမ်းအနားတွင် ၂၀၂၃-ခုနှစ် နိုင်ငံတော်မှ ချီးမြှင့်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်(၂)ပါးအားထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်ခြင်းအပြင် ဓမ္မာစရိယ(စာချတန်း)ဆရာတော်(၁)ပါးနှင့် ၂၀၂၂-ခုနှစ် ပါဠိပထမပြန် စာမေးပွဲ၌ ဖြေဆိုအောင်မြင်တော်မူခဲ့ကြသည့်ပထမကြီးတန်း(၂၈)ပါး၊ ပထမလတ်တန်း(၃၁)ပါး၊ ပထမငယ်တန်း (၄)ပါး၊ အခြေပြုမူလတန်းတွင် စာဖြေသံဃာတော်(၄၈)ပါးနှင့် လူပုဂ္ဂိုလ်(၅)ဦးတို့အား စာအောင် လက်မှတ်များ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်