မအီမြို့၌ တပေါင်းလရာသီ သရဖီပန်းနှင့်ကျန်းမာရေးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်

မအီ မတ် ၁၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ ဆောင်းပါးရှင် ပေါက်ပေါက် Tin Htet Htet Zaw ရေးသားသည့် တပေါင်းလရာသီ သရဖီပန်းနှင့် ကျန်းမာရေးအကြောင်းကို သိကောင်းစရာ အသိပညာပေး (Talk Show)အနေဖြင့် ယနေ့နေ့လယ်ပိုင်းကမအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ (Talk Show)ကို မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်လွင်လွင်ပြုံးနှင့် ဦးသူရနိုင် အငယ်တန်းစာရေး(အင်အားပြ)တို့က သရဖီပန်းကို ဝေါဟာရလီနတ္ထဒီပနီအရ “သရဖီ”ဟု ခေါ်ဝေါ်ခြင်းသည် သုရာဘိသဒ္ဒါမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း၊ သုရာဘိသဒ္ဒါပါဌ်တွင် ဥသရကျေ၍ “သရဘီ” ဟုခေါ်တွင် လာရာမှ “သရဖီ”ဟု ရေးသားခေါ်ဝေါ်လာကြခြင်းဖြစ်ကြောင်း မှတ်တမ်းတချို့တွင်မူ “တောင်ပုန်းညက်ပင်”ဟုလည်း ဖော်ပြထားသည်ဟု ဆောင်းပါးတွင် ရေးသားဖော်ပြ ထားကြောင်း၊ သရဖီပင်သည် ပုန်းညက်ပင်နှင့်အနေအထားတူသဖြင့် လူတချို့  အမှတ်မှားတတ် ကြသည်။ သို့သော်ပင်စည်ဖြောင့်မတ်၍ အမြင့်ပေ ရဝ-၈ဝ အထိရှိပြီး လုံးပတ်ခုနစ်ပေခန့်ရှိသည်။ အရွက်များသည် ပုန်းညက်အရွက်ကဲ့သို့ ချောမွတ်ပြောင်လက်သည်။ အလျား ၄-၆ လက်မအထိ ရှိသည်။ ပုန်းညက်ရွက်ကဲ့သို့ပင် ထူ၍သားရေကဲ့သို့မာကျောပြီး ရွက်နားညီသည်။ ရှည်ရှည်ဝိုင်း ဝိုင်း ပုံသဏ္ဌာန်ရှိသည်။ ပုန်းညက်ကဲ့သို့ အခိုင်လိုက်မပွင့်ဘဲ အကိုင်းအခက်များမှ အပွင့်ကလေးများ တစ်ပွင့်ချင်းထွက်ပွင့်သည်။ အပွင့်ညှာတံတို၍ အပွင့်ကြဲသည်။ စသည့် သရဖီပန်း၏ သရုပ်သဏ္ဍာန်တို့ကို သိရှိနိုင်စေရန် ဆွေးနွေးဖတ်ကြားခဲ့ကြသည်။

ဆက်လက်၍ သရဖီပန်းနှင့် ကျန်းမာရေးအကြောင်းတို့အား စပ်လျဉ်း၍ သရဖီပန်းရနံ့က အမူးအမော်ပြေစေသည်။

ထို့ကြောင့် မူး​ဝေခြင်းနှင့်အလွန်ပူသော သည်းခြေနာတို့ကို ကုသပျောက်ကင်းရန်အတွက် တိုင်းရင်းသမားတော်ကြီးများက သရဖီပန်းကို အသုံးပြုလေ့ရှိကြသည်။ အဆစ်အမြစ်  ရောင်ကိုက်နာ၊ ခေါင်းကိုက်နာနှင့် အပူလွန်ရောဂါများ ကုသရာတွင် သရဖီပန်းနှင့် အဖူးအသီးများကို ထည့်သွင်းအသုံးပြုကြသည်။ သရဖီပင်အရွက်နှင့်ပွင့်ချပ်များမှ ထွက်ရှိသော အဆီဓာတ်ကလည်း ခန္ဓာကိုယ်ပြင်ပ ရောင်ရမ်းနာများကို သက်သာစေကြောင်းတို့ကို ဖတ်ကြားခဲ့ကြပြီး ဆောင်းပါးတွင် ဖော်ပြထားသည့် သရဖီပင်နှင့် အခြားအသုံးပြုမှုများတို့ကို အများပြည်သူများ သိရှိနိုင်စေရန် အသိပညာပေး ဆွေးနွေးဖတ်ကြားခဲ့သည်။

ဖော်ပြပါ Talk Show အစီအစဉ်ကို မအီမြို့၊ ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Maei Facebook Page တို့တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းနှင့် မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်းစသည့် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသိပညာပေး (Talk Show ) အစီအစဉ်များကို ရိုက်ကူး၍ မအီမြို့ရုံး ပြည်သူ့စာကြည့်တိုက် Facebook Page တွင် တင်ဆက်ပေးလျက်ရှိပါကြောင်းတို့ကို မအီမြို့ရုံးဦးစီးမှူး ဦးသက်နောင်ထွန်းက ပြောကြားခဲ့သည်။

မောင်မောင်ဌေး(ပြန်/ဆက်)