ကျောက်ဖြူ မတ် ၁၉
လေပြင်းဘေးဒဏ်ခံနိုင်သော အိုးအိမ်များဖြစ်လာစေရန်အတွက် လေပြင်းဘေးဖြစ်ပွားနိုင်ခြေရှိသည့် ကျေးရွာများသို့သွားရောက်ကာ နေအိမ်များ ပြန်လည်ပြင်ဆင်ရန် အခက်အခဲရှိနေသည့် အခြေခံလူတန်းစားမိသားစုဝင်များထံသို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်လျက်ရှိသည်။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် အခြေခံလူတန်းစားမိသားစုများအတွက် လေပြင်းဘေးဒဏ်ခံနိုင်သောအိုးအိမ်များဖြစ်စေရေး စီမံချက်ရေးဆွဲအကောင်အထည် ဖော်လျက်ရှိပြီး ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာအုပ်စုရှိ ကျေးရွာ(၅)ရွာမှ အခြေခံလူတန်းစား အိမ်ထောင်စု(၃၀၀)စုကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများက စစ်တမ်းကောက်ရွေးချယ်ထားကြောင်း သိရသည်။
အဆိုပါအိမ်ထောင်စုများအတွက် ဓနိ (၇၁,၃၀၀)ချပ်နှင့် ဝါး(၅,၆၁၀)လုံးတို့ကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် ကော်မတီဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ ယမန်နေ့က အိမ်ထောင်စုများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး (ပြန်/ဆက်)