သာကေတ မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၁၁:၀၀)နာရီတွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား လူငယ်များ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိစေရန် စာပေဖတ်ရှု့သည့် အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲအား ကျင်းပခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိဒေါ်ဆောင်းနှင်းဖြူမှ ကျောင်းသားလူငယ်များမှကာယဗလ၊ဉာဏဗလ၊စာရိတ္တဗလ၊မိတ္တဗလ၊ဘောဂဗလဖွံ့ဖြိုးတိုးတက်စေရန်လိုအပ်ကြောင်း၊လူငယ်များဉာဏဗလဖွံ့ဖြိုးစေရန်စာပေဖတ်ရှုသည့် အလေ့အကျင့်ကို ပျိုးထောင်ကာ အမှားအမှန် ဝေဖန်သုံးသပ်နိုင်သည့် သုတစာပေ၊ရသစာပေဖတ်ရှုခြင်းဖြင့် ရရှိမည့် ရလာဒ်များကိုလည်းကောင်း၊ လူတော်၊ လူကောင်းများ ဖြစ်လာစေရန် ကျင့်ကြံနေထိုင်ရမည့် အချက်များကိုလည်းကောင်း ဟောပြောခဲ့သည်။
ဆက်လာပြီးပြိုင်ပွဲများ ကျင်းပခဲ့ရာ ၂၀၂၃ခုနှစ်၊ မတ်လ(၁၅)ရက်နေ့ ထုတ်ဒို့ကျေးရွာဂျာနယ်အတွဲ (၂၀)၊ အမှတ်(၆)တွင် ပါဝင်သည့်”ရာသီဥတုပြောင်းလဲခြင်းနှင့်လူသားတို့တာဝန်”ခေါင်းစဥ်ပါ အကြောင်းအရာအား ဖတ်ရှုစေပြီး ပါဝင်သည့်အကြောင်းအရာအား တစ်ဦးချင်းအလိုက် ယှဥ်ပြိုင်စေသည့် စာဖတ်စွမ်းရည်ပြိုင်ပွဲအားလည်းကောင်း၊ အင်္ဂလိပ်ဉာဏ်စွမ်းရည်ပြိုင်ပွဲနှင့် စာလုံးပေါင်းသတ်ပုံမှားမှန်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ အားအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ တာဝန်ရှိသူမှ အမှတ်တရ လက်ဆောင် ပစ္စည်းများ ချီးမြှင့်ခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ပြသထားသည့်စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ် စာစောင်များအား ကျောင်းသား လူငယ်များမှဖတ်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)