ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်တွင် မြို့၊ ရွာများ သန့်ရှင်းသာယာစေရေး စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်

နေပြည်တော် မတ် ၁၉

နိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအားလုံးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင်လည်း မိမိတို့၏ မြို့၊ ရွာဒေသများ သန့်ရှင်းသာယာလှပရေးကို အားတက်သရော ဆောင်ရွက်လျက်ရှိကြသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သည်နှင့်အညီ မြို့တော်အင်္ဂါရပ်နှင့်ကိုက်ညီစေရေး၊ Clean City၊ Green City၊ Smart City ဖြစ်စေရေးအတွက် နေပြည်တော်အတွင်းရှိ ပျဉ်းမနားမြို့နယ် ၊ လယ်ဝေးမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ် အတွင်းရှိ ဘုရားစေတီပုထိုးများ၊ အခြေခံပညာကျောင်းများ၊ ဆေးရုံများ၊ အများပြည်သူ သွားလာလျက်ရှိသည့် လူစည်ကားရာနေရာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)