ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ထုတ်ပြန်ကြေညာ

 

ဟိုပုံး  အောက်တိုဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ဟိုပုံးမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း များကို ဒုတိယ အကြိမ်အဖြစ် ယနေ့နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာ ကပ်ထား မည်ဖြစ်ပြီး မဲစာ ရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း၊ ဆန္ဒမဲ စာရင်းတွင် မိမိ အမည် မပါရှိပါက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက်နေထိုင်သူများ အနေဖြင့် ပုံစံ-၃(က)ဖြင့် လျှောက် ထားခြင်း၊ မဲစာရင်းတွင် ပါဝင်ရန်မသင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက် ခြင်းများကို လျှောက်ထားလာသူများရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်စိစစ်၍ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင် စာရင်းများ လာရောက်ကြည့်ရှုရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ လမ်းညွှန် ချက်များနှင့်အညီ အိမ်ထောင်စုတစ်စုလျှင် တစ်ဦးလာရောက် ကြည့်ရှုကြရန် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက အသိပေး နှိုးဆော်ထားကြောင်း သိရသည်။

မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုရန် အခက်အခဲရှိပါက မဲဆန္ဒရှင်စာရင်းကြည့်ရှုစစ်ဆေး သည့် Web Application ဖြစ်သော findyourpollingstation.uec.gov.mm တွင် ဝင်ရောက်ကြည့်ရှု စစ်ဆေးနိုင်သည့်အပြင် Mobile Application ဖြစ်သော findyourpollingstation.apk ကို Download ရယူပြီး မဲစာရင်းတွင် မိမိအမည် ပါ/မပါ ကြည့်ရှုစစ်ဆေးကြရန်ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကလည်း မေတ္တာရပ်ခံ တိုက်တွန်း နှိုးဆော် ထားကြောင်းသိရသည်။

နေမင်းထွန်း(ဟိုပုံး)