မိုးကောင်း မတ် ၁၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောဒေသရှိ ဓမ္မေခကုန်းမြေ၌ တည်ထားသည့် ဓမ္မရာဇိကအောင်တော်မူစေတီတော်မြတ်ကြီး၏ ရွှထီးတော်တင်လှူပွဲ ပထမနေ့ကို ယမန်နေ့ နံနက်(၉)နာရီတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ပထမပိုင်းအခမ်းအနားကို သောဘဏာရာမကျောင်းတိုက်၌ကျင်းပရာ တက်ရောက်လာ သောအလှူဒါယကာ၊ အလှူဒါယိကာမများ၊ ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ် ဘုရားကန်တော့ဖွင့်လှစ်ပြီး မိုးညှင်းမြို့ပင်းဟဲဆရာတော်ထံ ငါးပါးသီလခံယူတည်ဆောက် ကြသည်။
ဆက်လက်၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို ဆရာတော်သံဃာတော်အရှင်သူ မြတ်တို့ထံဆက်ကပ်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်ကြသည်။
ယင်းနောက်နိုင်ငံတော်ဗဟိုသံဃာနာယက နမ္မားမြို့သစ်ပျံကျောင်း ဆရာတော်ထံ အနုမောဒနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေခဲ့ကြသည်။
ဒုတိယပိုင်းကို နေ့လယ်(၁၁)နာရီတွင် ဆက်လက်ကျင်းပရာ သာသနာ့အလံကိုင်(၁၀)ဦး၊ အောင်သပြေစိုက်ပန်းဖလားကိုင်၊ ကြေးစည်၊ ခရုသင်းပုဏ္ဏား(၂)ဦး၊ သာသနာရေး ဂေါပက(၁၀)ဦး၊ ထီးဖြူတော်မိုးများခြံရံ၍ ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို ပင့်ဆောင်ခြင်း၊ အမွှေးနံ့သာရည် တရော် ကင်ပွန်းရေစင် ရေသန့်ဖလားကိုင်များ၊ ဒိုးပတ်အဖွဲ့များနှင့် အလှူဒါယိကာ၊ ဒါယိကာမများ စသည့် အစီအစဉ်ဖြင့် ရွှေထီးတော်ကို စေတီမြတ်အား လက်ယာရစ်(၃)ပတ်လှည့်လှည်ပူဇော်ကြပြီး မင်္ဂလာ ရထားပျံမဏ္ဍပ်သို့ ပင့်ဆောင်ကြသည်။
ထို့နောက် ပထမအဆင့်၊ ဒုတိယအဆင့် ရွှေထီးတော်များကို မင်္ဂလာရထားဖြင့် ပင့်ဆောင်တင်လှူ၍ ပထမနေ့အဖြစ်အောင်မြင်ပြီးမြောက်ခဲ့ပြီး မတ်လ(၂၂)ရက်နေ့ထိ ဘုံအဆင့်ဆင့်အလိုက် ဆက်လက် တင်လှူပူဇော်မည်ဖြစ်ကြောင်း သိရသည်။
ဓမ္မရာဇိကအောင်တော်မူစေတီတော်မြတ်ကြီးအား ၂၀၁၂ ခုနှစ်မှစတင်ကာ ၂၀၂၃ ခုနှစ်ထိ ဆယ်နှစ်ကျော်ကြာ တည်ဆောက်ခဲ့ပြီး ဉာဏ်တော်(၁၀၈)ပေ၊ ဘိနပ်တော်အချင်း(၁၂၀)ပေရှိကာ ဥမင်လိုဏ်အမျိုးအစားဖြစ်သည်။
သန်းလွင်ဦး(ပြန်/ဆက်)