ပေါက်တော မတ် ၁၉
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)သည် ယမန်နေ့နံနက်ပိုင်းတွင် ပေါက်တောမြို့နယ် ပြိုင်းတောင်ကျေးရွာအုပ်စု စိုးမဲကျီကျေးရွာသို့ရောက်ရှိရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။
အဆိုပါ နယ်လှည့် အထူးကုဆေးအဖွဲ့သည် စိုးမဲကျီကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ အခြေပြု၍ ယင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၈၆၇ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထို့သို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၃၆၇ ဦး၊ခွဲစိတ်ရောဂါ ၂၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၃၄ ဦး၊ ကလေးရောဂါ ၃၄ ဦး၊ အရိုးရောဂါ ၁၂၀ ဦး၊နား/နှာခေါင်း/လည်ချောင်းရောဂါ ၄၈ ဦး၊ မျက်စိရောဂါ ၁၈၃ နှင့် သွားနှင့်ခံတွင်းရောဂါ ၅၄ ဦးတို့ကိုလိုအပ်သည့် ညဆေးဝါးကုသမှုများဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနား ၃ ဦး၊မျက်စိခွဲစိတ်လူနာ ၂၇ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၉ ဦး၊ECG ဖြင့်နှလုံးစမ်းသပ်လူနာ ၅၆ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနား ၂၁ဦး တိုကိုရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ၂ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများနှင့်ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများသည် စိုးမဲကျီဘုန်းတော်ကြီးကျောင်း ဆရာတော်ကြီးအား ဖူးမြော်ပြီး အလှူငွေများ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
“ကျွန်တော်တို့ဒေသက ကျန်းမာရေးနဲ့ပတ်သက်ပြီး အခက်အခဲအများကြီးရှိပါတယ်။ စစ်တွေကိုသွားမယ်ဆိုရင် ဒီကနေ ၁၂ မိုင်လောက်သွားရပါတယ်။ လမ်းခရီးကလည်း မကောင်းပါဘူး။ တချို့လူနာတွေဆိုရင် ဆေးကုသမယ့်စရိတ်ကို ခရီးသွားရင်းနဲ့ ညစက်လှေငှားရင်းနဲ့ပဲ ပိုက်ဆံတွေ ကုန်သွားတယ်။ ကျွန်တော်တို့ဆီမှာ အခုလိုပင်လယ်သွား(သံလွင်) ဆေးရုံသင်္ဘောကြီးက ဒီလိုပါရဂူတွေ၊ ဆရာဝန်တွေ အများကြီးနဲ့လာပြီး ဆေးကုသတော့ စိတ်ထဲမှာအများကြီး ဝမ်းပန်းတသာဖြစ်ပါတယ်။ ဆေးကုသလာတဲ့မိဘပြည်သူတွေနေနဲ့ရော သူတို့ရဲ့ကိုယ်စား အထူးပဲ ကျေးဇူးတင်ပါတယ်”ဟု စိုးမဲကျီကျေးရွာမှဦးစံကျော်လှက ပြောကြားသည်။