ရန်ကုန် မတ် ၁၉
မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ ပြင်ဆင်ရေးဆွဲထားသော သင်းဖွဲ့စည်းမျဉ်းကို အသင်းသားများမှ အတည်ပြုနိုင်ရန်အတွက် အသင်းသားစုံညီအထူးအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည်။
ကုန်သည်စက်မှုအသင်းချုပ်၏ ညီနောင်အသင်းဖြစ်သည့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း(MYEA)သည် အသင်း မဖြစ်ပေါ်မီ ကုန်သည်စက်မှုအသင်းချုပ်တွင် MYEG အဖြစ် ၂၀၀၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ရာ ၂၀၁၂ခုနှစ်တွင် မြန်မာနိုင်ငံအဆင့်အသင်းအဖြစ် ဖွဲ့စည်းခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ဥက္ကဋ္ဌ ဒေါက်တာအောင်သူရက MYEA အသင်းရဲ့ Constitution (သင်းဖွဲ့စည်းမျဥ်း)ကို ပိုပြီး ခေတ်မီလာအာင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အသင်းထောင်သောအချိန်တွင် Regional Association မရှိသေးကြောင်း၊ အခုတော့ Regional Association တွေအတွက်လည်း ပိုကောင်းအောင်ဆောင်ရွက်ခြင်းဖြစ်ကြာင်း၊ MYEA အသင်း၏ Governance Structure ကို နိုင်ငံတကာစံနှုန်းနှင့်အညီ ဖြစ်ရန် လိုအပ်သည်များကို ပြင်ဆင်ရေးဆွဲထားခြင်းဖြစ်ကြာင်း ပြောကြားသည်။
MYEA အသင်းသည် အာဆီယံဒေသအတွင်းရှိ ASEAN Young Entrepreneurs Association, ASEAN Young Entrepreneurs Council တို့တွင်လည်း အဖွဲ့ဝင်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းတွင် ဒေသဆိုင်ရာ အသင်း (၅)ခုတို့ဖြင့် ချိတ်ဆက်ဖွဲ့စည်းထားရှိသည်။
MYEA အသင်း၏ ပထမဦးဆုံးဥက္ကဋ္ဌ ဖြစ်သူ ၊ကုန်သည်စက်မှု အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဝင်းစည်သူက “ MYEA အသင်းက စီးပွားရေးသာမက နယ်ပယ်ကဏ္ဍစုံမှာ ရှိတဲ့ လူငယ်စွန့်ဦး တီထွင်လိုစိတ်ရှိတဲ့ လူငယ်တွေကို ဖွဲ့စည်းထားပါတယ်။ အခုလို (၁၅)နှစ်ကျော် သက်တမ်း ရှိပြီ ဖြစ်တဲ့ MYEA အသင်းကဆိုရင် ခေတ်အဆက်ဆက်မှာရှိတဲ့ အလုပ်အမှုဆောင်အဆက်ဆက်က မှန်ကန်တဲ့ ဦးစီးဦးဆောင်မှုအပြင် အသင်းသားတွေက ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပါဝင်လို့ ပုဂ္ဂလိကကဏ္ဍမှာရော နိုင်ငံတော်စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ များစွာအထောက်အကူပြုတာကို တွေ့ရှိရတဲ့အတွက် အသင်းချုပ်မှ အသိအမှတ်ပြုဂုဏ်ပြုပါတယ်၊ ယနေ့အစည်းအဝေးကလည်း MYEA ရဲ့ အသင်းဖွဲ့စည်းမျဉ်းမှာ ပြင်သင့်ပြင်ထိုက်တဲ့ အချက်တွေကို ခေတ်နဲ့လည်းညီ၊ အသင်းအတွက်လည်း အကျိုးရှိထိရောက်မှာ ဖြစ်ပါတယ်'' ဟု ပြောကြားသည်၊၊
ဆက်လက်၍ ပြင်ဆင်ထားသော အသင်းဖွဲ့စည်းမျဉ်း အသေးစိတ် အချက်အလက်များကို အထွေထွေအတွင်းရေးမှူး ဦးဝင်းထက်မောင်မောင်က ရှင်းလင်းတင်ပြ၍ သင်းဖွဲ့စည်းမျဉ်းကို MYEA အသင်းသူ၊ အသင်းသားများဆီသို့ ၂၄.၂.၂၀၂၃ရက်နေ့က ပေးပို့ဖြန့်ဝေ၍ ၁၀.၃.၂၀၂၃ ရက်နေ့ နောက်ဆုံးထား အကြံပြုချက်များ တောင်းခံခဲ့ကြပြီး ယမန်နေ့အစည်းအဝေးတွင် ပြင်ဆင်ထားသော သင်းဖွဲ့စည်းမျဉ်းအား အသင်းသူအသင်းသားများမှ အတည်ပြုကြသည်။
ဆက်လက်၍ MYEA Branding Guideline အား Mango Advertising Co.,Ltd ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်လင်းလင်းတင်ထွန်းက ရှင်းလင်းတင်ပြပြီး၊ MYEA အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာသဲမြတ်စိုးက ကျေးဇူးတင်စကား ပြောကြားကာ တက်ရောက်လာသော အသင်းသူ၊ အသင်းသားများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ခဲ့ကြသည်။
ယနေ့အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး များဖြစ်ကြသော ဦးကျော်ဒေဝ၊ ဦးအောင်ဇေယျာလွင်၊ ဦးဇော်မင်းသန့်၊ မြန်မာ့အာမခံလုပ်ငန်း၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်စန္ဒာဦး၊ MYEA အသင်းဥက္ကဋ္ဌ ဒေါက်တာအောင်သူရ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်လတ်၊ ဒေါက်တာသဲမြတ်စိုး၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးဝင်းထက်မောင်မောင်၊ အမှုဆောင်များ၊ အသင်းသူ၊ အသင်းသားများ စုံလင်စွာ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)