ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့်တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ပြည်နယ်ဥပဒေအရာရှိများခရိုင်ဥပဒေအရာရှိများ၏ ညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းနားတက်ရောက်

စစ်တွေ မတ် ၁၉

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့်တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ ခရိုင်ဥပဒေအရာရှိများ၏ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့် ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံး တော်ဝင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဥပဒေအရာရှိများ တက်ရောက်ကြသည်။ 

ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဥပဒေရုံးအဆင့်ဆင့်နှင့် ဥပဒေအရာရှိများသည် လွတ်လပ်ရေးမရရှိမီကာလ အစိုးရရှေိ့နေများက ဆင်းသက်လာသည် ဟုကြားသိ ရပါကြောင်း၊ အစိုးရရှေ့နေများသည် တရားစီရင်ရေးတွင် နိုင်ငံတော်ကိုယ်စား အမှုလိုက်ပါဆောင်ရွက် ခဲ့ကြကြောင်း၊ ဥပဒေအရာရှိများသည် ထုတ်ပြန်ထားသော ကျင့်ဝတ်များ၊ ဥပဒေများ လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ တာဝန်ထမ်း‌ဆောင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုး တက်ရေးကို အလေးထားလုပ်ဆောင်နိုင်ရန်အတွက် ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးကို ယခင်ထက်ပိုမိုပြီး ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိလာသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်နယ်အတွင်းတည်ငြိမ် အေးချမ်းမှုကို ပိုမိုရရှိစေမည် ဖြစ်ကြောင်း၊ ဥပဒေအရာရှိများအနေဖြင့် ကိုယ်တာဝန်ထမ်းရာ ခရိုင်၊ မြို့နယ်များတွင် ပြည်သူများအား ဥပဒေပညာပေးရေးကိစ္စများ၌ တက်ကြွစွာ ပါဝင်ပေးစေလိုကြောင်း၊ မိမိတို့တာဝန်ဝတ္တရားများကို ဥပဒေ စည်းမျဉ်းစည်းကမ်းဘောင်အတွင်းက တက်ကြွစွာ ထမ်းရွက်ခြင်းဖြင့် ပြည်နယ်၏တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု Rule of Law ကို အကောင်အထည်ဖော်ပေးကြရမည်ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးလမ်း ညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းပြီး ခရိုင်ဥပဒေအရာရှိများက လုပ်ငန်းဆိုင်ရာကိစ္စများကို ဆွေးနွေးကြသည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိများက လုပ်ငန်းဆိုင်ရာကိစ္စများကို ဆွေးနွေးကြပြီး ပြည်နယ် ဥပဒေအရာရှိက ဖြည့်စွက်ဆွေးနွေးပေးကာ ပြည်နယ်ဥပဒေချုပ်က နိဂုံးချုပ်လမ်းညွှန်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)