တုံတာ အောက်တိုဘာ ၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယ အကြိမ်အဖြစ် ယနေ့ နံနက် ၇ နာရီမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြေညာထားကြောင်းသိရသည်။
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈နှစ် ပြည့်ပြီး ဆန္ဒမဲ ပေးပိုင်ခွင်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် အချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း၊ ဆန္ဒမဲစာရင်းတွင် မိမိအမည်မပါရှိပါက ပုံစံ-၃ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက်နေထိုင်သူများ အနေဖြင့် ပုံစံ-၃(က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင်ပါဝင်ရန် မသင့်သူများပါဝင်နေပါက ပုံစံ-၄ဖြင့် ကန့်ကွက်ခြင်းများကို လျှောက်ထားသူများရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည် စိစစ်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုရန် အခက်အခဲရှိပါက မဲဆန္ဒရှင်စာရင်း ကြည့်ရှု စစ်ဆေးသည့် Web Application ဖြစ်သော findyourpollingstation.uec.gov.mm တွင် ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်သည့် အပြင် Mobile Application ဖြစ်သော findyourpollingstation.apk ကို Download ရယူပြီး မဲစာရင်းတွင် မိမိအမည် ပါ/မပါကြည့်ရှုစစ်ဆေးကြရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်ထားကြောင်းနှင့် အဆိုပါ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေညာခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကပ်ထားကြေညာ သွားမည်ဖြစ်ကြောင်း မြို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
လှိုင်လှိုင်ငြိမ်း (ပြန်/ဆက်)