ကျောက်မဲခရိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

ကျောက်မဲ မတ် ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ (၁) နာရီခွဲအချိန်က လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ကျောက်မဲခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကျောက်မဲခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဒေါ်စန်းစန်းရီက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပါ အကြောင်းအရာများ၊ အမျိုးသားကော်မတီဖွဲ့စည်းပုံ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဆောင်ရွက်ရမည့်အစီအမံများ၊ ကလေးသူငယ် အကြမ်းဖက်ခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းရပ်များကို လည်းကောင်း၊ ကျောက်မဲခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဦးအေးနိုင်မှ ကလေးသူငယ်တရားစီရင်ရေး ခေါင်းစဥ်ဖြင့် လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိုးမြင့်က ပြစ်မှုပြစ်ဒဏ်ဆိုင်ရာ များကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး တက်ရောက်လာကြ သူများမှ အပြန်အလှန် မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ ကျောက်မဲခရိုင်/မြို့နယ် ကလေးသူငယ်အခွင်အရေးဆိုင်ရာ ကော်မတီ ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)