ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံ English Speaking နှင့် Grammar သင်တန်းဖွင့်လှစ်

မောင်တော မတ် ၁၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံ English Speaking နှင့် Grammar သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန် မောင်တောခရိုင်ရုံး (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မောင်တောခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိရှိအသုံးပြုတတ်စေရန်၊ အင်္ဂလိပ်ဘာသာ စကားကို အခြေခံမှစ၍ ကျွမ်းကျင်စွာပြောဆို တတ်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်း နည်းပြမှ ပို့ချပေးမည့် ဘာသာရပ်များအား စနစ်တကျလေ့လာမှတ်သားပြီး၊ အချိန်ကို အကျိုးရှိစွာ အသုံးချရန်လိုအပ် ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဆရာမ ဒေါ်ခင်ဌေးသိန်းက သင်တန်းတွင်ပို့ချမည့် သင်ခန်းစာ များနှင့် အင်္ဂလိပ်စကားတတ်မြောက်ခြင်းအတွက် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းအား ‌အခြေခံပညာ ကျောင်းများမှ Grade-6, Grade 4, Grade-5 တို့တွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးအား မတ်လ ၁၇ ရက်နေ့မှ ၃၁ရက်နေ့ အထိ ပိတ်ရက်မရှိ နံနက် ၉ နာရီမှ ၁၁ နာရီထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကျော်စိန်၊ သက်လွင်စိုး ခရိုင်ပြန်/ဆက်