တံတားဦး အောက်တိုဘာ ၁
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေကြီးနစ်မြုပ်သည့် ကျေးရွာများအား မိုးစပါးမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ တိုးချဲ့ဆောင်၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်အုန်းကြည်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်တို့က မိုးစပါးမျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်က မိုးစပါးမျိုးစေ့များထောက်ပံ့ ပေးအပ်ရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် မိုးစပါးများပျက်စီးဆုံးရှုံးခဲ့သဖြင့် ယခုလို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ထောက်ပံ့ပေးအပ်သော မိုးစပါးမျိုးစေ့များကို အောင်မြင် ဖြစ်ထွန်းအောင် စိုက်ပျိုးကြစေလိုကြောင်း မိုးစပါးတစ်ဧကလျှင် မျိုးစပါး(၁)တင်းခွဲနှုန်း ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး တာဝန်ရှိသူများက တောင်သူများ လက်ဝယ်အရောက် မိုးစပါးမျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့ထောက်ပံ့သည့် ကျေးရွာများမှာ ဆင်တဲကျေးရွာ အုပ်စု ကွင်း(၂)ကွင်း တောင်သူပေါင်း(၂၇)ဦး၊ ထောက်ပံ့ဧက (၅၂ ဒဿမ ၅၀) ဧကနှင့် ကူတိုးဆိပ် ကျေးရွာ အုပ်စုကွင်း (၁) ကွင်း၊ တောင်သူပေါင်း (၁၈) ဦး၊ ထောက်ပံ့ဧက(၂၈ ဒဿမ ၅၆) ဧကဖြစ်ပါကြောင်း တံတားဦးမြို့နယ်အနေဖြင့် မိုးစပါးစိုက်ပျိုးရန်လျာထား ဧက (၁၄၃၇၇) ဧကဖြစ်ရာ စိုက်ပျိုးပြီးစီးသည့် ဧကပေါင်း (၁၃၀၈၉) ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်ညွန့်၏ ပြောကြားချက်အရ သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)