မြေပုံမြို့၌ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဝင်များဖြင့် ထမင်းဆိုင်၊ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

မြေပုံ မတ် ၁၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ပူပြင်းခြောက်သွေ့ရာသီဖြစ်ပါ၍ ပြည်သူများ မီးဘေးလုံခြုံရေး သတိရှိစေရန် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဝင်များမှ ထမင်းဆိုင်၊ စားသောက်ဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ကွင်းဆင်း စစ်ဆေးဆောင်ရွက်သည်။

ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်သန်းစိုးဦးဆောင်သော မီးဘေးလုံခြုံရေးအဖွဲ့သည် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ ထမင်းဆိုင်များ၊ စားသောက်ဆိုင်များအား မီးဘေးအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ မီးဖို မီးကြွင်းမီးကျန်မှတဆင့် မီးကူးစက်လောင်ကျွမ်းမှုမဖြစ်စေရေးအတွက် မီးဖိုနှင့်နံရံကြားတွင် မီးကာသွပ်ပြားများထားရှိစေရေး၊ ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ပစ္စည်းများကို အသစ် လှဲလှယ်အသုံးပြုကြရန်၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများဖြစ်သော မီးချိတ်/ မီးကပ်/ သဲပုံး/ ရေပုံး/မီးသတ်ဆေးဘူးများလုံလောက်စွာရှိ/မရှိ စစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြုပုံတို့ကို အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

တင်ဝင်း