စဉ့်ကူး မတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတပါရရှိ၍ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲများကို ကျင်းပရာ ပုံပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၀) ဦး၊ ကဗျာရွတ်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးနှင့် ပူဖောင်းဖောက် ဂိမ်းကစား ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်လက်ထောက်-၃ ဒေါ်အေးမြမြမိုးက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန တွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်ဇာလွင်