ရန်ကင်း မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာစွမ်းရည် တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ အခြေခံ အင်္ဂလိပ်စာသင်တန်းကို ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အဆိုပါသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က အနီးကပ်ကြီးကြပ်ကာ သင်တန်းကို ၁၅.၃.၂၀၂၃ ရက်နေ့မှ ၂၄.၃.၂၀၂၃ ရက်နေ့အထိ နံနက် ၉:၃၀ နာရီမှ ၁၁:၃၀ နာရီအထိ ဖွင့်လှစ်၍ နည်းပြ ဆရာဦးသန်းဌေးဇော်(Phys)နှင့် ဆရာမြင့်မောင်(Phil-Q)တို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အပြန်အလှန်ဆွေးနွေးကာ သင်ကြားပို့ချခဲ့ကြသည်။
ထို့နောက် သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ(၂၁)ဦးတို့ တက်ရောက်ကြပြီး အင်္ဂလိပ်စာအခြေခံ အသုံးအနှုန်းများ၊ အဓိပ္ပါယ်သတ်မှတ်ချက်များ၊ အခြေခံ အင်္ဂလိပ်စာစကားပြောနှင့် ကဗျာများကို (၁၀)ရက်ကြာ အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)