ဆီဆိုင် မတ် ၁၈
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် နားသံကျေးရွာ အုပ်စု၊ နောင်ဆိုင်ကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ လမ်းမုခ်ဦးတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင် ဦးခွန်အောင်ကျော်မြင့်တို့က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထျာရယ်တို့က ဆောင်ရွက် ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာသူ/ကျေးရွာသားများက ဝိုင်းဝန်းထိန်းသိမ်းကြရန် ပြောကြားသည်။ ထို့နောက် နောင်ဆိုင်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပေးမှုများနှင့် ပတ်သက်၍ ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး တို့က နောင်ဆိုင် ကျေးရွာ ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းသစ်အား လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါ ကွန်ကရစ်လမ်းသစ်ကို ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ (၁၀.၀၀)သန်း၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေ ကျပ် (၂.၉၇)သန်း စုစုပေါင်း (၁၂.၉၇)သန်းဖြင့် လမ်းအရှည်ပေ ၆၀၀၊ အကျယ် ၁၀ ပေ၊ အမြင့် ၇ လက်မရှိ ကွန်ကရစ်လမ်းကို ဆောင်ရွက်ပြီး အိမ်ခြေ(၈၆)အိမ်၊ အိမ်ထောင်စု(၉၀)စုနှင့် လူဦးရေ(၃၈၉)ဦးတို့အား အကျိုးပြုမည်ဖြစ် ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)