မိုင်းကိုင်မြို့နယ်၌ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

မိုင်းကိုင် မတ် ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းတစ်ရပ်အဖြစ် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ စာရေးသူ အေးဖြူရေးသားသော "ဖတ်မိသမျှတွေ မျှဝေပေးဖို့" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက စာဖတ်ဝိုင်းကျင်းပရ ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး လူကုန်ကူးမှုနှင့်အမျိုးသမီးငယ်တို့ ဘဝ ခေါင်းစဉ်အောက်မှ "အမျိုးသမီးငယ်တွေကို  ကာကွယ်ပေးဖို့" ဆောင်းပါးကိုလည်းကောင်း၊ မြို့နယ်အမျိုးသ မီးရေးရာအဖွဲ့ဥက္ကဋ္ဌ  ဒေါ်ဇာခြည်ဖြိုးက "အရှေ့ဥရောပမှ ကယ်တင်ရှင်နတ်မိမယ်"  ဆောင်းပါးကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဒေါ်နန်းဖူးဆိုင်ဟွမ် နှင့် ဒေါ်နန်းမြင့်အေးတို့က  "ကလေး သတို့သမီးတဲ့လား"  နှင့်  "သမီးရှင်တစ်ဦးရဲ့ဆန္ဒ" ဆောင်းပါးများကိုလည်းကောင်း  ဖတ်ကြား ဆွေးနွေးရာ  တက်ရောက်လာကြသော  အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်  စာချစ်သူများက  မိမိတို့အမြင်၊ အတွေ့အကြုံများနှင့် ပတ်သက်၍  ပြန်လည်ဆွေးနွေးပြီးနောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက  ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ် စာစောင် များကို ပေးအပ်လှူဒါန်းရာ မြို့နယ်ဦးစီးအရာရှိက လက်ခံခဲ့သည်။

ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအသိပညာပေးနှင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ် အသိပညာပေး  မြေစိုက်နံရံကပ်စာစောင်ကို ခင်းကျင်းပြသရာ တက်ရောက်လာသော စာချစ်သူများက လေ့လာကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။

ချော(မိုင်းကိုင်)