ရန်ကုန် မတ် ၁၈
အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ဧရာဝတီဘဏ်တို့ ပူးပေါင်းကျင်းပသည့် "ပြင်ဆင်ခြင်းမှသည် ဈေးကွက်ဝင်ရောက်ခြင်းဆီသို့" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယမန်နေနံနက်ပိုင်းက ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI၊ မင်္ဂလာခန်းမတွင် ကျင်းသည်။
"ကျွန်တော်တို့ MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်က အားပေးပြီးတော့ လုပ်ဆောင်နေတာဖြစ်သလို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ကတော့ ပုဂ္ဂလိကလုပ်ငန်းတွေ တိုးတက်လာစေရန်အတွက် ဆောင်ရွက်ပေးနေတာပါ၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ MSMEတွေ တိုးတက်ဖို့ အခွင့်အလမ်းတွေက ဘာတွေလဲ၊ စိန်ခေါ်မှုတွေက ဘာတွေလဲ၊ ဈေးကွက်အနေအထားတွေ ဘယ်လိုရှိလဲ၊ ဘယ်လိုပြောင်းလဲမှုတွေလုပ်ရင် MSME တိုးတက်လာမလဲ၊ အချင်းချင်း ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဘယ်လိုဆက်သွယ်ဆောင်ရွက်မလဲ၊ စတဲ့ အချက်တွေကို သိရှိစေရန် ဆွေးနွေးပွဲ ကျင်းပခြင်းဖြစ်ပါတယ်၊ နိုင်ငံတော်စီးပွားရေးလုပ်ငန်းတိုးတက်ဖို့အတွက်လည်း MSME လုပ်ငန်းတွေက ၉၅ ရာခိုင်နှုန်းလောက်ရှိ ပါတယ်၊ MSMEလုပ်ငန်းတွေတိုးတက်လာရင် ပြည်သူတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေပိုပြီးတော့ ရရှိလာမှာပါ၊ ဒါကြောင့်အသင်းချုပ်နှင့် ဧရာဝတီဘဏ်တို့ ပူးပေါင်းဆောင်ရွက်နေသလို အခြားသောအသင်းအဖွဲများနှင့်လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွေကို MSME ဖွံ့ဖြိုးတိုးတက်တဲ့နှစ်သက်မှတ်ပြီး ပုဂ္ဂလိကလုပ်ငန်းတိုးတက်အောင် ဆောင်ရွက်နေတာပါ"ဟု UMFCCI ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က Moderator အဖြစ်ဦးဆောင်းပြီး City Holding Limited မှဦးဝင်းမြင့်အောင်၊ ဧရာဝတီဘဏ်မှ ဦးနေလင်းထွဋ်၊ Top-Cashew Nut &Cashew Brittlye မှ ဒေါ်အင်ကြင်းခိုင်၊ Myanmar Barcode Associationမှ ဦးသန့်ဇော်ကိုတို့မှ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် "ပြင်ဆင်ခြင်းမှသည် ဈေးကွက်ဝင်ရောက်ခြင်းဆီသို့ "ခေါင်းစဥ်အောက်မှ ချေးငွေနှင့်သက်ဆိုင်သည့်အချက်များ၊ MSMEလုပ်ငန်းများ တိုးတက်လာစေရန်အတွက် ဈေးကွက်နှင့်နည်းပညာစွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ဈေးကွက်ဖော်ဆောင်ခြင်းစသည်တို့အား ဆွေးနွေးခဲ့ကြပြီးတက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)