မာန်အောင်မြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

မာန်အောင် မတ် ၁၈

ရခိုင်ပြည်နယ် မာန်အောင်မြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်ဟိန်းက မိမိတို့ ဒေသအတွင်းရှိ ကလေးသူငယ်များ၏ အခွင့်အရေးများ အပြည့်အဝရရှိရေးနှင့် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို ပိုမိုဖော်ဆောင်သွားနိုင်ရေး၊ ကလေးသူငယ်များအနေဖြင့် ၎င်းတို့ရရှိမည့် အခွင့်အရေးများ ရရှိစေရန်နှင့် အကြမ်းဖက်ခံရခြင်း၊ လစ်လျူရှုခံရခြင်း၊ လွဲမှားစွာ ပြုကျင့်ခံရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်းနှင့် လူကုန်ကူးခံရခြင်းတို့မှ ကာကွယ်ပေးနိုင်ရေးအတွက် ကလေးသူငယ်ဆိုင်ရာ တာဝန် ရှိသူများအနေဖြင့် ထပ်ဆင့်အသိပညာပေး ဆောင်ရွက်ကြ စေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းရုံး၊မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမြင့်က မြန်မာနိုင်ငံ အနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံသဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီး ရက်ပေါင်း (၃၀) အကြာတွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပါကြောင်း၊  ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်ဥပဒေ ကိုလည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် ကလေးသူငယ်နည်းဥပဒေကိုလည်း ပြဌာန်းနိုင်ခဲ့ သော်လည်း ၁၉၉၃ ခုနှစ် ကလေး သူငယ်ဥပဒေတွင် လိုအပ်ချက်များရှိနေသည့်အတွက် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ (The Child Right law)ကို ပြဌာန်းခဲ့ရာ အဆိုပါ  ဥပဒေအရ ကလေးသူငယ်၏ အသက်ကို (၁၈)နှစ်အထိ တိုးမြှင့်သတ်မှတ်ပြီး နိုင်ငံတော်မှ ကာကွယ်  စောင့်ရှောက်ရန် လိုအပ်သည့် ကလေးသူငယ်ဥပဒေ အမျိုးအစားကို ၁၆ မျိုးအထိတိုးမြှင့် သတ်မှတ်ခဲ့ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ် အခွင့်အရေးများကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ(NCRC)ကို ဖွဲ့စည်းခဲ့ပြီး ပြည်နယ်/ ခရိုင်/ မြို့နယ်(CRC)ကော်မတီများကို ကလေးသူငယ်များ အကျိုး ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းထားရှိကြောင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သိကောင်းစရာများနှင့် ဥပဒေ အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်ဟိန်းနှင့် မြို့နယ် (CRC) ကော်မတီဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)