တာမွေမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်လွန်ကတ္တရာကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ

တာမွေ မတ် ၁၈

ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းခရိုင်တာမွေမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ လေးထောင့်ကန်လမ်းတစ် လျှောက် (အရှေ့မြင်းပြိုင် ကွင်းလမ်းမှ ဝေဇယန္တာလမ်းထိ) နိုင်လွန်ကတ္တရာကွန်ကရိလမ်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ များနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဧည့်သည်တော်များသည် သတ်မှတ်ထာသော နေရာအသီးသီးတွင် ရောက်ရှိ နေရာယူခဲ့ကြပြီး အဆိုပါ နိုင်လွန်ကတ္တရာ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဧည့်သည်တော်များသည် အဆိုပါ နိုင်လွန်ကတ္တရာကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ မုခ်ဦးဆိုင်းဘုတ်နှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပြီး တာမွေမြို့နယ်ရှိ လေးထောင့် ကန်လမ်း တစ်လျှောက် (အရှေ့မြင်းပြိုင်ကွင်းလမ်းမှ ဝေဇယန္တာလမ်းထိ) နိုင်လွန်ကတ္တရာကွန်ကရိလမ်းသစ် အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှု အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ လေးထောင့်ကန်လမ်းသည် အရှေ့မြင်းပြိုင်ကွင်းလမ်းမှ သံသုမာလမ်းထိ လမ်းအရှည် (၁၄၇၄၀)ပေ ရှိပြီး ၁၉၉၀-၁၉၉၁ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းအဖြစ် စတင်ဆောင်ရွက်ခဲ့သည်။ အဆိုပါလမ်းအား ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် ဝေဇယန္တာရာလမ်းမှ ဇဝနလမ်းဆုံအထိ၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ဇဝနလမ်းဆုံမှ ဦးဘဟန်လမ်းအထိ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဦးဘဟန်လမ်းမှ သံသုမာလမ်းအထိ လမ်းအရှည် (၁၀၉၂၈) ပေနှင့် အကျယ်(၇၂)ပေအား ကွန်ကရစ်လမ်းအဖြစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)မှ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးခဲ့သည်။ ယခုအခါ (၇၈)နှစ်မြောက် တပ်မတော်နေ့ ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တာမွေမြို့နယ်ရှိ လေးထောင့်ကန်လမ်းတစ်လျှောက် (အရှေ့မြင်း ပြိုင်ကွင်းလမ်းမှ ဝေဇယန္တာလမ်းဆုံထိ) လမ်းအရှည် (၃၈၁၂)ပေကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နိုင်လွန်ကတ္တရာကွန်ကရိ ထပ်ပိုးလွှာ ခင်း၍ လမ်းအဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် တိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ ချောမွေ့လာနိုင်ရုံသာမက ပြည်သူများ၏ လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာနိုင်တော့မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

နိုင်လင်းအောင်(တာမွေ)