တာချီလိတ်မြို့၌ (၁၄)ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့် နယ်စပ်ဒေသအာဏာပိုင်များ အစည်းအဝေးကျင်းပ

တာချီလိတ် မတ် ၁၇

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာဖိုဆိုင်းခိုင်ခန်းဖိထွန်တို့ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် (၁၄)ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့် နယ်စပ်ဒေသအာဏာပိုင်များ အစည်းအဝေးကို မတ်လ ၁၅ ရက်နေ့ နေ့လည် ၂ နာရီက တာချီလိတ်မြို့ 1G1-11 ဟိုတယ်၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များ၊ အထူးသဖြင့် နယ်စပ်ဒေသအာဏာပိုင်များအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေးကိစ္စ၊ နယ်စပ်ဖြတ်သန်းသွားလာခွင့်ကိစ္စ၊ နယ်စပ်စစ်ဆေးရေးဂိတ်များကိစ္စ၊ နယ်စပ်ကုန်သွယ်ရေးကိစ္စ၊ အလုပ်သမားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စ၊ မဲခေါင်မြစ်အတွင်း ရေကြောင်းသွားလာမှုကိစ္စ၊ နယ်နိမိတ်မှတ်တိုင်များစစ်ဆေးခြင်းနှင့် ပြုပြင်မွမ်းမံခြင်းကိစ္စ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုကိစ္စနှင့် အခြားကိစ္စရပ်များအား ရင်းနှီးစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံသဘောတူလက်မှတ်များ ရေးထိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ နှစ်နိုင်ငံသက်ဆိုင်ရာဝန်ကြီးဌာနမှားမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)