နမ့်စန်(တ) မတ် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အမျိုးသားငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့တို့ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် ‘လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေး စီမံကိန်း’ မြို့နယ်အဆင့်အသိပေးညှိနှိုင်းဆွေးနွေးပွဲ (Township Coordination Meeting)ကို မြို့နယ်ပြည်သူ့ဆေးရုံ ၂ ထပ်ဆောင်ရှိ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဦးအယ်လ်လီဇာက ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း လူထုအခြေပြုငှက်ဖျားရောဂါကာကွယ်ရေး စီမံကိန်းပြည်နယ်ရုံးဝန်ထမ်း Training Officer ဒေါ်ခင်ဆွေဦးက စီမံကိန်းရည်ရွယ်ချက်၊ မြို့နယ်အတွင်းစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အဓိကစီမံချက်လုပ်ငန်းများ၊ လအလိုက်လုပ်ငန်းများလျာထားမှုနှင့် ဆောင်ရွက်နိုင်မှု၊ ကြုံတွေ့ရသောအခက်အခဲများနှင့် တောင်းခံလိုသောအကူအညီများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးညှိနှိုင်းပွဲကို နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီအထိ ဆောင်ရွက်ခဲ့ပြီး မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချိုသန္တာလွင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း လူထုအခြေပြုငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း နမ့်စန်မြို့နယ်ဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော အမျိုးသား အမျိုးသမီး စုစုပေါင်း ၃၅ ဦး ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)