မြင်းခြံမြို့၌ နွေရာသီ (အခမဲ့) အခြေခံပန်းချီသင်တန်းဆင်းပွဲ ပြုလုပ်

မြင်းခြံ မတ် ၁၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျောင်းသူလူငယ်များအတွက် နွေရာသီအားလပ်ရပ်အချိန်တွင် အကျိုးရှိစွာ အသုံးချနိုင်ရန် အတွက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် နွေရာသီ(အခမဲ့) အခြေခံပန်းချီသင်တန်းဆင်းပွဲကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ခရိုင်ရုံး Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က သင်တန်းဆင်းပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းဆရာ ပန်းချီချစ်သောက "သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းပြီးစီးသွားတဲ့ အခါမှာလည်း မိမိတို့အနေနဲ့ ဆက်လက်လေ့လာပြီး ပန်းချီများ ရေးဆွဲသွားကြဖို့၊ ယခု ပန်းချီအခြေခံသင်တန်းမှ တစ်ဆင့် နိုင်ငံ့အကျိုးပြုနိုင်တဲ့ ပန်းချီပညာရှင်ဖြစ်သည်အထိ ကြိုးစားကြဖို့"စသည်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ သင်တန်းသား သင်တန်းသူများအတွက် အချို ရည်နှင့် မုန့်များဖြန့်ဝေပေးခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က သင်တန်း ချိန်ကာလအတွင်း ပန်းချီအခြေခံကို အကောင်းဆုံး သင်ကြားခဲ့ပြီး လူပုံရေးရာတွင် အကောင်းဆုံးဖြစ်သည့် သင်တန်းသူတစ်ဦးအား ပန်းချီဆွဲရာတွင် အထောက်အကူပြု စာအုပ်နှင့် ရောင်စုံ ခဲတံတစ်စုံ ချီးမြှင့်ပေးခဲ့သည်။

နွေရာသီအားလပ်ရပ်အချိန်တွင် ကျောင်းသားလူငယ်များအတွက် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် (အခမဲ့) ပန်းချီအခြေခံသင်တန်းတွင် ပန်းချီအခြေခံနှင့် လူပုံရေး ဆွဲနည်း၊ ရှုခင်းပုံရေး ဆွဲနည်း၊ သရုပ်ဖော်ဒီဇိုင်းနှင့် လက်ရေး၊ အခြေခံမျဉ်းရေးဆွဲနည်းစသည့် ပန်းချီပညာရပ်များကို မတ်လ (၁၃) ရက်နေ့မှ စတင်ကာ (၅) ရက်ကြာ သင်ကြားပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)