မန့်ဟီးရိုး မတ် ၁၇
မြို့အတွင်းရှိလမ်းများ သန့်ရှင်းသာယာလှပစေရေး၊ သာသနာ့အဆောက်အဦးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီပုထိုးများ သန့်ရှင်းသာယာမှု ရှိစေရေးနှင့် ရေရှည်ခိုင်ခံမှုရှိစေရန်လိုအပ်သော ပြန်လည်ပြုပြင်မှုလုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေးကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ယနေ့နံနက် (၈) နာရီအချိန်က မြို့တွင်းလမ်းများ၊ ဟိုလွမ်ဘုန်းတော်ကြီးကျောင်းနှင့် ရန်တိုင်းအောင်ဘုရား ပတ်ဝန်းကျင်တို့ကို မြို့အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ရပ်မိရပ်ဖများက ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် စုပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် မြို့အဆင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ ဒေသခံမြို့သူမြို့သားများနှင့် မြို့ရပ်မိမြို့ဖများက ဘုန်းတော်ကြီးကျောင်းနှင့် ဘုရားပတ်ဝန်းကျင်ရှိ စွန့်ပစ်အမှိုက်များ ရှင်းလင်းခြင်း၊ ခြုံများနှင့် ကျိုးပဲ့နေသော သစ်ပင်/သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းဖယ်ရှားခြင်း၊ ဘုရားပုရဝဏ်အတွင်းရှိ ကုသိုလ်ရှင်စေတနာ့ရှင်များက ကပ်လှူပူဇော်ခဲ့ကြသော ဘုရားပန်းခြောက်များနှင့် အမှိုက်များကို ဖယ်ရှားရှင်းလင်းခြင်း၊ မြို့နယ်အတွင်း လမ်းမများပေါ်ရှိ လျှပ်စစ်ဓာတ်ကြိုးများနှင့်မလွတ်သော သစ်ပင်ကြီးများ၊ အကိုင်းအခတ်များကို ခုတ်ထွင်ဖယ်ရှားခဲ့ပြီး အမှိုက်များနှင့် စွန့်ပစ်ပစ္စည်းများကို သတ်မှတ်နေရာအမှိုက်ကျင်းတွင် မီးရှို့ရှင်းလင်းဆောင်ရွက်ခဲ့ကြပါသည်။ ယင်းစုပေါင်း သန့်ရှင်းရေးကို မန့်ဟီးရိုးမြို့ အုပ်ချူပ်ရေးမှူး ဦးစိုးမြင့်အောင်နှင့် တကွဌာနဆိုင်ရာ တာဝန်ရှိကြသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မာမာ(မန့်ဟီးရိုး)