နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင် ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုကား လမ်းဘေးရှိ ပလက်ဖောင်း တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁၇

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်သည် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်(၉)နာရီခွဲက ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညို ကားလမ်းဘေးဝဲ/ယာရှိ သပြေကုန်းအဝိုင်းမှ မြို့တော်ခန်းမရှေ့သဇင်လမ်းအထိ ပလက်ဖောင်းတိုးချဲ့ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ အချက်အချာကျပြီး လူစည်ကားရာနေရာများဖြစ်သည့် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းဈေးအနီးရှိလမ်းများတွင် အများပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာဖြင့် လမ်းလျှောက်သွားလာနိုင်စေရန် ရည်ရွယ်၍ ယခင်တည်ဆောက်ထားသည့် ပလက်ဖောင်းများကို (၁၀)ပေအကျယ်ရှိ ပလက်ဖောင်းများအဖြစ် တိုးချဲ့ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့တော်ဝန်ကလုပ်ငန်းများကို အရည်အသွေးပြည့်မီ စွာဆောင်ရွက်စေရေးနှင့် သတ်မှတ်ချိန်အမီပြီးစီးနိုင်စေရေး အလေးထားဆောင်ရွက်ကြရန်မှာကြား၍ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)