နမ့်ဆန် မတ် ၁၇
ရှမ်းပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ ပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသအဆင့်ရုံး နမ့်ဆန်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်စွမ်းရည်ပြိုင်ပွဲအား ယနေ့နေ့လယ်(၁၂) နာရီက ပြုလုပ်ခဲ့ပါသည်။
အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး− နမ့်ဆန်ဒေသရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ လူငယ်များ အနေဖြင့် စာဖတ်စွမ်းရည် မြှင့်မားလာစေရန်ရည်ရွယ်၍ ဤပြိုင်ပွဲအား ကျင်းပပြုလုပ် ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒို့ကျေးရွာဂျာနယ်အတွဲ(၂၀)၊ အမှတ်(၅)ပါ “ပညာကိုမြတ်နိုးတတ်သော ရွှေရောင်ဝင်းဝါ” အကြောင်းအရာများအား အသီးသီးဖတ်ကြား ပြိုင်ပွဲဝင် ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲတွင်စကား လုံးပီသမှု၊ အသံအဖြတ်အတောက်၊ ကြည်လင်ပြတ်သားမှု၊ စာလုံးပေါင်း သတ်ပုံမှန်ကန်မှုများအားစစ်ဆေး အကဲဖြတ်ကာ ဆုရရှိသူများနှင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဆုများနှင့် လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး −နမ့်ဆန်ဒေသရုံးအနေဖြင့် ကျောင်းသားလူငယ်များနှင့် အများပြည်သူ ဗဟုသုတရရှိစေမည့် ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ Talk Show များ၊ နံရံကပ်စာစောင်များကို လစဉ် စဉ်ဆက်မပြတ် ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)