တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

တံတား  မတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် (Book Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့်ပူးပေါင်း၍ လူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်းအကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ခေါင်းဆောင်မှုအတွေး၏အရေးပါမှုစာအုပ်ဖြင့် စာဖတ်ဝိုင်းကိုယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်က လူငယ်နှင့်ပညာရေးခေါင်းစဥ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် ကမ္ဘာ့ကုလသမဂ္ဂသည် အသက် ၁၈ နှစ်မှ ၂၅ နှစ်ထိကို လူငယ်ဟုသတ်မှတ်ထားကြောင်း၊ မြန်မာက ထိုအရွယ်ကိုအဆင်းဆောင်သောအရွယ် ခွန်အားကောင်းသောအရွယ်၊ စိတ်ကစားတတ်သောအရွယ်ဟုဆိုခဲ့ကြောင်း၊ လူငယ်ဘဝအပိုင်းအခြားသည် လူ့ဘဝတစ်သက်တာလုံးအတွက် အရေးကြီးဆုံးအချိန်ဖြစ်ကြောင်း၊ ဘဝတစ်ခုလုံးကောင်းအောင်ဆိုးအောင် ပြုပြင်ပြောင်းလဲနိုင်သောကာလဖြစ်ကြောင်း၊ ပညာဟူသောအမှန်အမှားအကောင်းအဆိုး၊ အကျိုးအပြစ်တို့ကို ခွဲခြားဆန်းစစ်ဝေဖန်သိမြင်နိုင်စွမ်းရှိခြင်းဖြစ်ကြောင်း၊ လူငယ်တို့၏ပညာရေးကောင်းမွန်စေရန်၊ မိဘကောင်း၊ ပတ်ဝန်းကျင်ကောင်း၊ ဆရာကောင်း၊ မိတ်ဆွေကောင်း၊ အကျင့်စာရိတ္တကောင်းများရှိရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် (Book Club)အဖွဲ့ဝင် မောင်ဦးဝေလင်းနိုင်မှ လူမှုဆက်ဆံရေးအရည်အသွေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ စာပေဝါသနာရှင် မယမင်းသူက အတွေး၏အရေးပါမှုခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားကာ တက်ရောက်လာသော အဖွဲ့ဝင်များမှလည်း စာအုပ်ပါအကြောင်းအရာများဖြင့် အသီးသီးပါဝင်ဆွေးနွေးကာ အတွေးအမြင်ဗဟုသုတများဖလှယ်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (တံတားပြန်ဆက်)