ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား) မြေနေရာ၊ နည်းပညာတက္ကသိုလ် စာမေးပွဲဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများနှင့် မြစ်ကြီးနား တက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် သင်္ကြန်အကြို နှုတ်ဆက်ရေသဘင်ပွဲတော် တက်ရောက်

မြစ်ကြီးနား မတ် ၁၇

ကချင်ပြည်နယ်အတွင်းရှိ ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)အား တက္ကသိုလ်အင်္ဂါရပ်နှင့် အညီ ဖြစ်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြေနေရာလျာထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်တို့နှင့်အတူ လျာထားမြေ နေရာအား ကွင်းဆင်းစစ် ဆေးခဲ့ကြသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်း သားရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက မြစ်ကြီးနားမြို့ နန်ပေါင်ရှောင်ကွင်းလမ်းမှ တစ်ဆင့် မော်ဖောင်းကျေးရွာ အုပ်စုအတွင်းရှိ မြေဧက ၄၈၀ ပေါ်တွင် အားကစားနှင့် ကာယ ပညာသိပ္ပံကျောင်းမြေနေရာ အပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ မြေနေရာများသတ်မှတ်လျာမှုအခြေအနေနှင့် ကွန်ပျူတာတက္ကသိုလ် အတွက် မြေဧက ၃၀ သတ်မှတ်လျာထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)သို့ သွားရောက်ပြီး တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့်အတူ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထူးပြု ဘာသာရပ်အလိုက် ပထမနှစ် (ဒုတိယနှစ်ဝက်)နှင့် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်နှင့် ပဉ္ဇမနှစ်များ၏ နှစ်ဝက်စာမေးပွဲအတွက် ဖြေဆိုခွင့် ရရှိသူဦးရေ ကျား/မပေါင်း ၄၂၃ ဦးအနက် ဝင်ရောက်ဖြေဆိုသူ (၄၁၁)ဦးတို့၏ စာမေးပွဲဖြေဆိုမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့သည် ပြည်နယ်တရား လွှတ်တော်တရားသူ ကြီးချုပ် ဦးတူးဂျာနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မြစ်ကြီးနား တက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်္ကြန်အကြိုနှုတ်ဆက် ရေသဘင်ပွဲတော်သို့ တက်ရောက်ခဲ့ ကြရာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ နည်းပြဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက အတာရေဖြင့် ပက်ဖျန်းကြိုဆိုကြ သည်။

ရေသဘင်ပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပါမောက္ခချုပ်တို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြကာ နည်းပြဆရာမများ၏ မြနန္ဒာတေးသီချင်းဖြင့် ကပြဖျော်ဖြေမှုကို အတာရေဖြင့် ပက်ဖျန်းပေးကြ သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်္ကြန်တေးသီချင်းသရုပ်ဖော် အကအလှများ၊ ခေတ်ပေါ် တေးသီချင်းများ သီဆိုဖျော်ဖြေမှုများကို ကျောင်းသား၊ ကျောင်းသူများနှင့် အတူ ပျော်ရွှင်စွာ အားပေးကြည့်ရှုခဲ့ကြပြီး မုန့်လုံးရေပေါ်နှင့် ကြာဇံဟင်းတို့ဖြင့် စတုဒိသာဧည့်ခံကျွေးမွေးမှုများကို အားပေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က ပါမောက္ခချုပ်ထံ ထောက်ပံ့ငွေကျပ် ၁၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)