ခရမ်း မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းဝေက ပြည်သူများအနေဖြင့် အားလပ်သောအချိန်များတွင် စာအုပ်စာပေများ လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာပြီး အမှား/အမှန်ဝေဖန်ပိုင်းခြားနိုင်စေရေအတွက် စာဖတ်ဝိုင်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် Book Club အဖွဲ့ဝင်များက စာရေးဆရာဒေါက်တာမတင်ဝင်းရေးသားသည့် "လှပချင်ရင် ရုပ်ကိုလည်းပြင် စိတ်လည်းပြင်ပါ" စာအုပ်မှ ခေတ်ကြီးနှင့်အမှီလိုက်နေသော လူငယ်လူရွယ်များသည် မည်သည့်အပြုအမူက ခေတ်ကြီးတိုးတက်စေ၍ မည်သည့်အပြုအမူက ခေတ်ကိုပျက်စီးစေကြောင်းတို့ကို နားလည်သင့်ပါကြောင်း ခေတ်လူငယ်များပီပီ ဉာဏ်ရည်မြင့်မားပါးနပ်စွာဖြင့် သူ့နေရာနှင့်သူ ဝတ်တတ်၊ ဆင်တတ်၊ နေတတ်၊ စားတတ်သူများဖြစ်လာအောင် နေထိုင်ရမည်စသည့် စာအုပ်ပါအကြောင်း အရာများကိုစာပေချစ်သူများက အပြန်အလှန်ဆွေးနွေးခဲ့ကြခြင်းဖြင့် မိမိကိုယ်ကိုသာမက မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံ၊ မိမိတို့ကမ္ဘာကိုလှပ ဝေဆာအောင်ပြုပြင်တတ်သူများ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း ( ခရမ်း )